အလစ်ဆင်၊ ဖာမီနို၊ ဖာဘင်ဟို သုံးဦးသာ ကွာရင်တိုင်းဝင်ရမယ်ဆိုရင် ကလော့ပ်ရဲ့ဖြစ်နိုင်ခြေလူစာရင်း

အင်္ဂလန်အစိုးရ ရုတ်တရက်ကြေညာလိုက်တဲ့ သတင်းက ကလော့ပ်ကို ထိုးနှက်ချက်ဖြစ်လာစေပါတယ်။ နောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက်၊ မာတစ်၊ ဂိုမက်ဇ် သုံးယောက်လုံးမရသေးတဲ့အပြင် ရိုင်းဝီလီယမ်တယောက်ပဲ လူငယ်ဗဟိုနောက်ခံလူအနေနဲ့ရှိပါတော့တယ်။

ဟန်ဒါဆန်ပါ နောက်ဆင်းကစားနေရတဲ့အချိန်မှာ သတင်းတခုက လီဗာပူးအတွက်အနည်းငယ်ကံဆိုးလာစေပါတယ်။ Mirror သတင်းဌာနက ဖော်ပြခဲ့တဲ့ ဖော်ပြချက်အရ အင်္ဂလန်အစိုးရက ကွာရင်တိုင်းဥပဒေကို တမျိုးသတ်မှတ်ထားပါတယ်။

ပုံမှန်ဆိုရင် ငါးရက်ပဲ ကွာရင်တိုင်းဝင်ရပေမဲ့ ကိုဗစ်ကူးစက်မှု ပြင်းထန်နေတဲ့ တောင်အမေရိက၊ ပေါ်တူဂီ၊ တောင်အာဖရိကတို့ဆီက ပြန်လာရင် ၁၀ ရက်နေရမယ်ဆိုထားပါတယ်။ လီဗာပူးအသင်းရဲ့ ဖာဘင်ဟို၊ ဖာမီနို၊ အလစ်ဆင်သုံးယောက်က တောင်အမေရိကဇုန်က ဘရာဇီးလ်လက်ရွေးစင်တွေပါ။

မတ်ချ်လအကုန် ဘရာဇီးလ်နဲ့ အာဂျင်တီးနားပွဲရှိတဲ့အတွက် လက်ရွေးစင်တွေဟာ ဘရာဇီးလ်ကိုပြန်ရပါမယ်။ ပွဲအပြီးပြန်လာချိန်ကျရင် ၁၀ ရက်ကွာရင်တိုင်းဝင်ရမယ့်အတွက် သုံးဦးသားဟာ အာဆင်နယ်၊ ဗီလာတို့နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်တွေကို လွဲချော်မှာပါ။

ထုံးစံအတိုင်း မရှိရှိတဲ့ လူနဲ့အလှဆင်ရမယ့်အတွက် ကလော့ပ်ရဲ့ ဖြစ်နိုင်ခြေလူစာရင်းကို သတင်းဌာနကခန့်မှန်းပေးခဲ့ပါတယ်။ ဂိုး- ကယ်လက်ဟာ၊ နောက်တန်း- ရောဘတ်ဆန်၊ ဖီလစ်၊ ဟန်ဒါဆန်၊ အာနိုး၊ ကွင်းလယ်- ကာတစ်ဂျုန်း၊ သီယာဂို၊ ဝှစ်ချ်နယ်ဒန်၊ တိုက်စစ်-မာနေး၊ ဂျိုတာ၊ ဆာလား တို့နဲ့ ပွဲထွက်ရဖို့ရှိနေပါတယ်။

AZ-SportsGabar