ငယ်ငယ်ကတည်းက ထူးချွန်တဲ့ ခြေစွမ်းနဲ့ မာတင်အိုဒီဂတ်ရဲ့အလှည့်အပြောင်း

ရီးရဲလ်အသင်းရဲ့ကွင်းလယ်ကစားသမား အိုဒီဂတ်ကို ၆ လအငှားနဲ့ အာဆင်နယ်တို့ ခေါ်ယူလိုက်ပါပြီ။ အပြီးသတ်ဝယ်ယူခွင့်တော့မပါဘဲ ရာသီကုန်မှသာနှစ်သင်းကြား သဘောတူညီမှုတချို့ရှိလာနိုင်ပါတယ်။ လူကပ်တော်ရဲရားဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၁ ကို အိုဒီဂတ်ကို ခဏပေးအပ်ထားတဲ့အတွက် တဖက်မှာတော့ တော်ရဲရားနဲ့အာဆင်နယ်အနာဂတ်အဆုံးသတ်သွားပြီလို့ဆိုနေကြပါတယ်။

အိုဒီဂတ်က အသက် ၁၃ နှစ်အရွယ်မှာမှ ဘောလုံးလောကထဲကို စတုန်းဂေါ့ဒ်ဆတ်ဆိုတဲ့အသင်းနဲ့စပွဲထွက်ခဲ့ပါတယ်။ ခြေစွမ်းခြေစကောင်းလွန်းတဲ့အတွက် အသက် ၁၅ နှစ် ၁၁၈ ရက်အရောက်မှာပဲ နော်ဝေထိပ်တန်းလိဂ်မှာ အသက်အငယ်ဆုံးပွဲထွက်ရတဲ့ ကစားသမားဖြစ်လာခဲ့သူပါ။ ချက်ချင်းဆိုသလို နော်ဝေအသင်းကြီး(လက်ရွေးစင်)က ရွေးချယ်ခဲ့ပါတယ်။

(၁၅)နှစ် ၂၅၃ ရက်ပဲရှိသေးတဲ့ သူ့ကို ပွဲထုတ်ပြလိုက်ချိန်မှာ အသက် ၁၆ နှစ်ပဲရှိသေးတဲ့သူ့ကို ရီးရဲလ်မက်ဒရစ်ကခေါ်ယူခဲ့ပါတယ်။ မခေါ်ခင်မှာ အိုဒီဂတ်အနေနဲ့ လီဗာပူး၊ အာဆင်နယ်၊ ဘိုင်ယန်လိုအသင်းတွေမှာ ထရိန်နင်ဆင်းခွင့်ရခဲ့ပါသေးတယ်။ ၁၆ နှစ် ၁၅၇ ရက်ပဲရှိသေးတဲ့သူ့ကို ရီးရဲလ်ကမိတ်ဆက်ပြသခဲ့ပြီး၊ သတို့မှာ ဒီကစားသမားလေးရှိနေတဲ့အကြောင်းထုတ်ကြွားခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်ရောက်လာချိန်မှာ အသင်းကြီးမှာ ပွဲထွက်ခွင့်မလုံလောက်တဲ့ အိုဒီဂတ်ကို အငှားတွေဆက်တိုက်ချခဲ့ပြီး၊ ၂၀၁၉-၂၀ ရာသီမှာ ဆိုစီဒက်ရဲ့အဓိက ကစားသမားဖြစ်လာတဲ့အထိ ပွဲထွက်နိုင်ခဲ့ပါတယ်။ ဘယ်လောက်ထိအောင်လဲဆိုရင် ၂၀၂၀ ဖေဖော်ဝါရီလတုန်းကကန်ခဲ့တဲ့ ကိုပါဒယ်ရေး ကွာတားဖိုင်နယ်မှာသူ့အနိုင်ဂိုးကြောင့် ရီးရဲလ်ကို ပြုတ်သွားစေခဲ့တဲ့အထိပါပဲ။

ရီးရဲလ်က နောက်နှစ်မှာ အငှားတွေရုတ်သိမ်းပြီး၊ အသင်းကြီးကိုပြန်လာစေခဲ့ပေမဲ့ ဇီဒန်းလက်ထက် ၉ ပွဲပဲ ပွဲထွက်ခွင့်ရခဲ့တာကြောင့် အငှားချဖို့ထပ်ပြင်ခဲ့ပါတယ်။ ဆိုစီဒက်နဲ့ကနဦးညှိနှိုင်းပြီးကာမှ အာဆင်နယ်က ကမ်းလှမ်းခဲ့တဲ့အပေါ် အိုဒီဂတ်ရောက်လာပြီး၊ အခုလို ၆ လစာချုပ်ချုပ်ခဲ့နိုင်ခဲ့ပါတယ်။ အလားအလာအများကြီးရှိတဲ့အပြင် ၂၂ ပဲရှိသေးတဲ့ ကစားသမားကြောင့် အခုအငှားခေါ်ယူမှုဟာ ကစားသမားဘဝကို အလှည့်အပြောင်းဖြစ်လာဖို့ရှိနေပါတယ်။

AZ-SportsGabar