ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်လာဖို့ ထရိန်နင်မှာ လေ့ကျင့်နေပြီဖြစ်တဲ့ခါဘစ်

ပရိသတ်အချစ်တော် မာရှယ်အတ် ကစားသမား ခါဘစ်တယောက် ကစားသမားဘဝက အနားယူပြီးနောက်မှာ မြင်ကွင်းက ပျောက်နေခဲ့ပါတယ်။ ပွဲတွေမထိုးတော့ဘူးလို့ိဆိုထားပေမဲ့ နောက်ဆုံးမှာ ပြန်ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ဖိုက်တာဘဝနဲ့မဟုတ်ဘဲ ဘောလုံးကွင်းထရိန်နင်မှာ လေ့ကျင့်နေတဲ့ ဒီဇိုင်းနဲ့ပါ။

ခါဘစ်တယောက် ထရိန်နင်မှာ လေ့ကျင့်နေတာက ဘောလုံးကန်ဖို့လားလို့မေးရင် ဟုတ်ပါတယ်။ သူကိုယ်တိုင် တွစ်တာမှာ တင်ထားတဲ့ပို့စ်အရဆိုရင် ခါဘစ်ဟာ ဘောလုံးသမားဘဝကို ပြောင်းလဲဖို့ကြိုးစာေးနေတာပါ။ ” ကျွန်တော့်ဘောလုံးသမားဘ၀ ပထမဆုံးပွဲထွက်ခွင့်အတွက် ပြင်ဆင်နေပါတယ်။”

” ကျွန်တော်က အခုချိန်မှာ အလွတ်ကြေးကစားသမားလည်းဖြစ်သလို ကမ်းလှမ်းလာမှုတွေကိုလက်ခံဖို့လည်း အသင့်ပါပဲ’ လို့ဆိုထားပါတယ်။ ဒီစာသားတွေကို ဓာတ်ပုံတွေတက်တက်လာခြင်း မီဒီယာတွေက မေးမြန်းတဲ့အသံတွေ ညံလာချိန်မှာပဲ ခါဘစ်က ဇန်နဝါရီလ ၂၅ ရက်နေ့မှာတင်ခဲ့တာပါ။

နောက်တော့ သူဘောလုံးကစားနေတဲ့ စကေးဗီဒီယိုဖိုင်ကိုလည်း အင်စတာဂရမ်မှာတင်ခဲ့ပြီး၊ ဘောလုံးကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်ကြောင်း ခါဘစ်က တင်ထားခဲ့ပါတယ်။ ဒါ့အပြင် အေစီမီလန်ကစားသမားဟောင်းကြီး ဆီးဒေ့ါဖ်နဲ့လည်း မကြာခဏဆိုသလို ဘောလုံးကစားနေပြီး သူ့အဖေရဲ့အကြိုက်ဆုံးကစားသမားလည်းဖြစ်လို့ ခါဘစ်တယောက် ဘောလုံးတကယ်ကန်ဖို့နီးစပ်နေပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ခါဘစ်အနေနဲ့ MMA လောကကို တကယ်ပဲ ကျောခိုင်းပြီးနောက်မှာ ကော်နာမက်ဂရီဂေါ်နဲ့ ထပ်ထိုးသတ်ဦးမယ်လို့ သတင်းထွက်နေပါသေးတယ်။ ခါဘစ်က ငြင်းဆိုထားပေမဲ့ ပြိုင်ဘက်ကော်နာကတော့ လတ်တလောမှာ ထိုးသတ်ထားတဲ့ UFC ပွဲကို ရှုံးနိမ့်ထားပါတယ်။

AZ-SportsGabar