ဘင်နီတက်ဇ်ကို နည်းပြအဖြစ်ခန့်အပ်မှာမဟုတ်တဲ့ နယူးကာဆယ်နဲ့ချဲလ်ဆီး

ရာဖေးလ်ဘင်နီတက်ဇ်ကို နယူးကာဆယ်အသင်းနဲ့ ချဲလ်ဆီးအသင်းရဲ့နည်းပြအဖြစ် ခန့်အပ်မှာမဟုတ်ဘူးလို့ စပိန်ဘောလုံးဂုရု ဂူလမ် ဘလာဂူးကပြောကြားလိုက်ပါတယ်။ တရုတ်ကလပ် ဒါလီယန်နဲ့ နှစ်ဦးသဘောတူလမ်းခွဲပြီးတဲ့နောက် ကလပ်လက်မဲ့ဖြစ်နေတဲ့ ဘင်နီတက်ဇ်ကို သတင်းထွက်နေတဲ့အပေါ် ဘလာဂူးက ဝေဖန်ပေးလိုက်တာပါ။

ဘင်နီတက်ဇ်နဲ့ နယူးကာဆယ်အသင်းလမ်းခွဲပြီးချိန်မှာ တရုတ်ကလပ်က ချက်ချင်းဆိုသလို ခေါ်ယူခဲ့ပါတယ်။ ၁၈ လကြာ အသင်းကို တာဝန်ယူခဲ့ပြီးချိန်မှာ တရုတ်ကလပ်နဲ့ ဘင်နီတက်ဇ်ကြား နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီး၊ တရုတ်ကလပ်ကနေ ဘင်နီတက်ဇ်ကို စာချုပ်ဆက်မချုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကလပ်လက်မဲ့ဖြစ်သွားတဲ့ ဘင်နီတက်ဇ်အနေနဲ့ ရလဒ်မကောင်းဖြစ်နေတဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်၊ အသင်းဟောင်းနယူးကာဆယ် စတဲ့ နည်းပြရာထူးတွေမှာခန့်အပ်ဖို့ ရေပန်းစားလာပြီး၊ ရေပန်းစားမှုအမြင့်ဆုံးအနေအထားတွေကို ပြန်ရောက်လာခဲ့ပါတယ်။

အခုလိုရောက်လာတဲ့အပေါ် အတွင်းသတင်းတွေကို သိနေတဲ့ စပိန်ဂုရု ဘလာဂူးက ဘင်နီက်ဇ်အနေနဲ့ လက်ရှိအနေအထားမှာ အနားယူတာနဲ့ တခြားအသင်းတခုခုကိုပဲ စဉ်းစားဖို့ရှိနေတယ်လို့အတည်ပြုပေးခဲ့ပါတယ်။ နယူးကာဆယ်ကို လက်ရှိပိုင်ရှင်ကြောင့် ပြန်မှာမဟုတ်သလို ချဲလ်ဆီးအသင်းကလည်း ဘင်နီတက်ဇ်ကိုလုံးဝခန့်မှာမဟုတ်တာကြောင့်လို့ ဖြေရှင်းပေးခဲ့ပါတယ်။

နယူးကာဆယ်အသင်းက ပိုင်ရှင်အသစ်မပြောင်းခဲ့တဲ့အတွက် ဘင်နီတက်ဇ်ဟာ ပြန်သွားဖို့မရှိပါဘူး။ ဆော်ဒီအုပ်စုက ပေါင်သန်း ၃၀၀ နဲ့ဝယ်ဖို့ကြိုးစားခဲ့ပေမဲ့ နောက်ဆုံးမှာ အတည်မဖြစ်ခဲ့ဘဲ လက်ရှိပိုင်ရှင်လက်ထဲမှာပဲရှိနေခဲ့တာဖြစ်ပါတယ်။

AZ-SportsGabar