အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြအောင် မန်ယူနိုက်တက်ရဲ့ ဘရူနိုဖာနန်ဒက်ကို အတုယူခဲ့ရတယ်ဆိုတဲ့ စမစ်ရိုး

အာဆင်နယ်ရဲ့လတ်တလောအခြေအနေက နိုင်ပွဲဆက်တိုက်၊ ပေးဂိုးမရှိရလဒ်တွေနဲ့အတူ အကောင်းဆုံးလမ်းကြောင်းပေါ်ပြန်ရောက်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ လေးပွဲနိုင်ထားသလို သရေတပွဲနဲ့ ပေးဂိုးလုံးဝမရှိစွမ်းဆောင်ထားတာပါ။ အတော်လေးကို ကောင်းတဲ့ရလဒ်တွေရလာဖို့ အာဆင်နယ်ရဲ့လူငယ်ကစားသမားလေး စမစ်ရိုးကလည်း ကျရာနေရာက ပါဝင်ထားပါတယ်။

၂၀ နှစ်သား ကစားသမားလေးအနေနဲ့ နယူးကာဆယ်နဲ့ပွဲမှာ နှစ်လုံးဖန်တီးပေး၊ ဘရိုက်တန်၊ ဝက်စ်ဘရွန်း၊ ပဲလေ့စ်ပွဲတွေမှာ တလုံးစီဖန်တီးပေးထားပြီး၊ စုစုပေါင်း ၅ လုံးကို နောက်ဆုံးငါးပွဲဆက်ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဒါဟာ ဒီဇင်ဘာ ၂၆ ရက်နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဘရူနိုဖာနန်ဒက်ပြီးရင် ဒုတိယအများဆုံးအဖြစ်ဂိုးဖန်တီးထားသူအဖြစ် ပရီးမီးယားလိဂ်မှာ မှတ်တမ်းဖြစ်လာပါတယ်။

နယူးပွဲမှာလည်း နှစ်ဂိုးအထိဖန်တီးနိုင်ခဲ့တဲ့အတွက် MOTM ဆုရှင်ဖြစ်လာပြီး၊ စမစ်ရိုးဟာ မီဒီယာတွေမျက်စိကျတာခံလာရပါတယ်။ ပွဲအပြီး စကိုင်းစပေါ့က အင်တာဗျူးချိန်မှာတော့ စမစ်ရိုးကို ဘာကြောင့်အခုလို ခြေစွမ်းပြလာနိုင်တာလဲကို မေးခဲ့ချိန် အခုလို ဖြေကြားခဲ့ပါတယ်။ ” ကျွန်တော် ဘရူနိုဖာနန်ဒက်ကို ကစားသမားတယောက်အနေနဲ့ အတုယူမိပါတယ်”

” သူစွမ်းဆောင်ပြထားတဲ့ အချက်အလက်တွေက တကယ့်ကို ကြောက်ခမန်းလိလိပါ။ နိုင်ပွဲအတွက် ကျွန်တော်တို့ တော်တော်လေးပျော်နေတယ်။ အသင်းတသင်းလိုမျိုး စည်းစည်းလုံးလုံးလာခဲ့ကြတယ်။ ဒါကြောင့်နိုင်လို့ပျော်တယ်။ သုံးမှတ်ရတာလည်းပါတာပေါ့။ လူတိုင်းက ကြံ့ခိုင်မှုအပြည့်နဲ့ ထရိန်နင်မှာလည်း အားလုံးစည်းလုံးနေကြတယ်။ ‘

” အသင်းတသင်းလုံးတော်တော်လေး တောင့်တင်းလာသလို အခုအချိန်မှာ အဲဒါတွေကို ကွင်းထဲပြသနိုင်နေပြီလို့ ကျွန်တော်ထင်မိပါတယ်’ လို့ ဖြေကြားခဲ့ပါတယ်။ အခုလိုရလဒ်တွေကောင်းလာတာကြောင့် အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားမှာ ၁၈ ပွဲကစား ၂၇ မှတ်နဲ့ အဆင့် ၁၁ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပြီး၊ စမစ်ရိုး၊ ဆာကာတို့လို လူငယ်တွေနဲ့အတူ ခြေစွမ်းပြနေပါတယ်။

AZ-SportsGabar