မက်ဆီနဲ့ ရော်နယ်ဒိုနှစ်ဦးမှာ ဗိုလ်လုပွဲတွေနဲ့ပတ်သက်လို့အောင်မြင်မှု ဘယ်သူပိုများလဲ

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီကတော့ လောလောလတ်လတ်မှာပဲ စပိန်စူပါဖလား ဗိုလ်လုပွဲကို ရှုံးနိမ့်ထားပါတယ်။ အသင်းက ပွဲချိန်ပြည့်နီးပါးဦးဆောင်နိုင်ခဲ့ပြီးမှ ချေပဂိုး၊ အနိုင်ဂိုးတွေခွင့်ပြုခဲ့ရတဲ့အပြင် ကိုယ်တိုင်ကပါ အနီကတ်နဲ့ထွက်ခဲ့ရတဲ့အတွက် ရှုံးပွဲက မက်ဆီအတွက် ကံဆိုးခဲ့ပါတယ်။

မက်ဆီအနေနဲ့ အခုလိုဖိုင်နယ်ပွဲတွေကို ရှုံးတာက ပရိသတ်တွေမြင်ရခဲ့ပေမဲ့ တခုသတိပြုရမှာက ပြိုင်ဘက်ဟောင်း ရော်နယ်ဒိုနဲ့ယှဉ်ရင် သိသာမြင်သာရှိနေပါတယ်။ ရော်နယ်ဒိုဟာ မက်ဆီလို ၃၃ နှစ်သားအရွယ်မှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို သုံးကြိမ်ဆက်တက်ပြီး၊ ဗိုလ်စွဲနေချိန်ဖြစ်ပေမဲ့ မက်ဆီကတော့ လက်ရှိမှာ စပိန်စူပါဖလားကအစရှုံးထားပါတယ်။

ဒီအချက်တွေကို အခြေခံပြီး မီချယ်လာကော်စတာဆိုတဲ့ အချက်အလက်တွက်ချက်မှု ဝက်ဘ်ဆိုက်ကနေ ဖိုင်နယ်မှာ ဘယ်သူပိုရှုံးလဲမှတ်တမ်းကိုတွက်ခဲ့ပါတယ်။ တွက်ခဲ့ချိန်မှာတော့ အခုလို ရလဒ်ထွက်လာပါတယ်။ နိုင်ငံအသင်းမှာ မက်ဆီက ဖိုင်နယ် စုစုပေါင်း ၅ ကြိမ်တက်ထားဖူးပါတယ်။ အံ့အားသင့်ဖွယ်ရာကောင်းတာက မက်ဆီဟာ လေးကြိမ်အထိရှုံးထားပါတယ်။

အဆိုပါငါးပွဲလုံးမှာလည်း တကြိမ်ပဲ ဂိုးဖန်တီးမှုလုပ်ထားသလို တဂိုးမှမသွင်းထားနိုင်ပါဘူး။ စီရော်နယ်ဒိုကတော့ ပေါ်တူဂီနဲ့ သုံးကြိမ်ပဲတက်ထားနိုင်ပါတယ်။ သုံးကြိမ်မှာ နှစ်ကြိမ်ဗိုလ်စွဲထားပြီး၊ ထူးဆန်းတာက တဂိုးမှကို မပတ်သက်ထားနိုင်ပါဘူး။ ဒါကြောင့် နိုင်ငံဖိုင်နယ်တွေမှာ မက်ဆီနဲ့ ရော်နယ်ဒိုရဲ့ အောင်မြင်မှုက ဖလားရတာ တကြိမ်နဲ့ နှစ်ကြိမ်ကွာတာပဲရှိတယ်ဆိုရမှာပါ။

ကလပ်မှာတော့ မက်ဆီက ဖိုင်နယ်စုစုပေါင်း ၃၅ ကြိမ်၊ ရော်နယ်ဒိုက အကြိမ် ၃၀ တက်ထားနိုင်ပါတယ်။ မက်ဆီက ၁၂ ပွဲရှုံး၊ ၂၃ ပွဲနိုင်၊ ၂၉ ဂိုးသွင်း၊ ၁၄ ကြိမ်ပံ့ပိုးမှုနဲ့အကောင်းဆုံးလုပ်ပြထားပါတယ်။ ရော်နယ်ဒိုကတော့ ၉ ပွဲရှုံး၊ ၂၁ ပွဲနိုင်နဲ့ ၁၉ ဂိုးသွင်း ၂ ကြိမ်ဖန်တီးမှုကို လုပ်ထားနိုင်ပါတယ်။ ကလပ်ဖိုင်နယ်မှတ်တမ်းမှာတော့ မက်ဆီက ရော်နယ်ဒိုထက်သာလွန်နေပါတယ်။

ဒါပေမဲ့ အားလုံးစုစုပေါင်း ဖိုင်နယ်အောင်မြင်မှုအတိုင်းအတာမှာတော့ ရော်နယ်ဒိုဟာ တက်ခဲ့သမျှဖိုင်နယ်တိုင်းရဲ့ ၇၀ ရာခိုင်နှုန်းကိုအနိုင်ရပြီး၊ မက်ဆီက ၆၅.၇၁ ရာခိုင်နှုန်းကိုပဲ အနိုင်ရတာကိုတွေ့ရပါတယ်။ ဒါကြောင့် မက်ဆီက စွမ်းဆောင်ရည်ပိုင်းတွေမှာ သာလွန်ပေမဲ့ ဗိုလ်လုပွဲမှာ အောင်မြင်မှုပိုရတာက ရော်နယ်ဒိုလို့ သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။

AZ-SportsGabar