သူဝတ်တဲ့ဂျာစီကို ဆောက်လုပ်ရေးအလုပ်သမားဆီပစ်ခဲ့တာကြောင့် အရေးယူခံရနိုင်တဲ့ သီယာဂိုဆေးလ်ဗား

ချဲလ်ဆီးအသင်းရဲ့နောက်ခံလူ သီယာဂိုဆေးလ်ဗားဟာ လက်ရှိမှာ အက်ဖ်အေရဲ့အရေးယူမှုကို ရင်ဆိုင်ရဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ချဲလ်ဆီး-ဖူလ်ဟမ်ပွဲစဉ်မှာ (၁-ဝ) နဲ့အသင်းအနိုင်ရခဲ့တဲ့အပေါ် အပျော်လွန်ပြီး၊ ပွဲချိန်တွင်း ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို ပရိသတ်ဆီပစ်ပေးခဲ့တာကြောင့်ပါ။

ခဲျလ်ဆီးအသင်းဟာ အဆိုပါနိုင်ပွဲကို မေဆင်မောင့်ရဲ့တလုံးတည်းသောဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ ၆ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီးမှ ပထမဆုံးပြန်နိုင်တာဖြစ်တဲ့အတွက် သီယာဂိုဆေးလ်ဗားအပါအဝင် ချဲလ်ဆီးအသင်းသားတွေအတွက် အများကြီးအဓိပ္ပာယ်ရှိခဲ့ပါတယ်။ ဒီအချိန်မှာ ဆေးလ်ဗားက ဂျာစီကိုချွတ်ပြီး၊ ပွဲကြည့်စင်မှာရှိနေတဲ့ ဆောက်လုပ်ရေးအလုပ်သမားဆီပစ်ပေးခဲ့ပါတယ်။

ဒီလိုပစ်ပေးတာက ပုံမှန်ဆိုရင် ကိစ္စမရှိပေမဲ့ ဆေးလ်ဗားအတွက်တော့ အရေးယူခံရဖို့ရှိနေပါတယ်။ အကြောင်းက ကိုဗစ်ကာလအတွင်း ဘောလုံးလောကအတွက် သီးသန့်ထုတ်ပြန်တဲ့စည်းမျဉ်းတွေမှာ ပြိုင်ပွဲတွင်းကစားသမားဟာ ကိုယ်ဝတ်ဆင်တဲ့ ဂျာစီကို ပရိသတ်ဆီပစ်မပေးရဘူးလို့ ပါရှိပါတယ်။ ဒါဟာ တရားဝင်စည်းမျဉ်းထုတ်ထားတဲ့အတွက် သီယာဂိုဆေးလ်ဗားတယောက် အပြစ်လုပ်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်မာစတာက ဆေးလ်ဗားအခုလိုပစ်ပေးလိုက်တာကို မြင်လိုက်ရချိန်မှာ ချိန်သားကိုက်ဆိုသလို သူတို့ဟာ အရေးယူမှုတွေလုပ်မယ်လို့ ကြေညာခဲ့တဲ့အတွက် သီယာဂိုဆေးလ်ဗားကို တကယ်ပဲ အရေးယူတော့မှာလားက စဉ်းစားစရာပါ။ ဒါပေမဲ့ ဆေးလ်ဗားမတိုင်ခင်မှာ အရင်လုပ်ထားတဲ့ ကစားသမားလည်း ရှိနေပါသေးတယ်။

သူက အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်ပဲဖြစ်ပါတယ်။ ရစ်ချာလီဆန်လည်း ကွင်းထဲမှာရှိတဲ့ ဆောက်လုပ်ရေးအလုပ်သမားကို အခုလိုပစ်ပေးဖူးတဲ့အတွက် ဆေးလ်ဗားကို အရေးယူမယ်ဆိုရင် ဒီကိစ္စရပ်ကိုပါပြန်ပြောင်းအရေးယူရမယ့်အတွက် ချဲလ်ဆီးနဲ့ အက်ဖ်အေကြား ပြဿနာတက်လာဖို့ရှိနေပါတယ်။ လတ်တလောစာထုတ်ထားတာမျိုးမရှိသေးပေမဲ့ အတွင်းပိုင်းသတင်းတွေအရ ခန့်မှန်းနေကြတာဖြစ်ပါတယ်။