အန်ဖီးမှာ အနိုင်ကန်နိုင်ရဲ့သားနဲ့ အခွင့်အရေးကို အသုံမချနိုင်ခဲ့ဘူးလို့ ဆိုးလ်ရှားဝန်ခံ

လီဗာပူးအိမ်ကွင်းမှာ ဝ-၀ သရေရလဒ်ထွက်ပေါ်ပြီးချိန်မှာ မန်ယူနိုက်တက်တို့ အမှတ်ပေးဇယားထိပ်မှာပဲ ဆက်ရပ်တည်နေပါတယ်။ အန်ဖီးကွင်းမှာ သွားကစားခဲ့ရတာဖြစ်တဲ့အတွက် အဝေးကွင်းခြေစွမ်းကောင်းတွေရှိနေတဲ့ သူ့အသင်းဟာ အိမ်ရှင်လီဗာပူးကို အနိုင်ရယူနိုင်တဲ့အထိ ခြေစွမ်းရှိခဲ့တယ်လို့ ဆိုးလ်ရှားက ယုံကြည်နေပါတယ်။

တဖက်မှာလည်း လီဗာပူးဟာ ဗဟိုနောက်ခံလူတွေမပါတဲ့ ကစားကွက်နဲ့ ရင်ဆိုင်သွားခဲ့ပြီး၊ ဟန်ဒါဆန်၊ ဖာဘင်ဟိုတို့ဟာ ကလော့ပ်အတွက် နောက်ခံလူလို ကစားပေးခဲ့ရပါတယ်။ ဒါပေမဲ့ ပထမပိုင်းတပိုင်းလုံးမှာ ကိုက် ၂၀ အကွာက ကန်ခဲ့ရတဲ့ ဖာနန်ဒက်ရဲ့ ဖရီးကစ်တလုံးကလွဲလို့ မန်ယူနိုက်တက်ဟာ အခွင့်အရေး မယ်မယ်ရရ မရခဲ့ပါဘူး။

ဒုတိယပိုင်းအရောက်မှာမှ ပေါ့ဘာရဲ့ကန်ချက်တချို့နဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အပိုင်အခွင့်အရေးတွေကို အလီဆင်ကာကွယ်သွားနိုင်ခဲ့တဲ့အပေါ် မန်ယူနိုက်တက်ဟာ နိုင်ပွဲနဲ့ ဝေးခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆိုးလ်ရှားက အားမလိုအားမရဖြစ်ခဲ့ပြီး၊ ပွဲအပြီးမှာ အခုလို ပြောခဲ့ပါတယ်။ ” လီဗာပူးကို အနိုင်ရယူနိုင်တဲ့ အခွင့်အရေးရှိရဲ့သားနဲ့ ကျွန်တော်တို့အခွင့်အရေးကို လွဲချော်သွားတယ်လို့ ဆိုရမှာပါ”

” ဒါပေမဲ့ တဖက်မှာကြည့်ရင်လည်း အင်မတန်ကောင်းတဲ့အသင်းကို ရင်ဆိုင်ခဲ့ရတာမျိုးပါ။ ကျွန်တော်ရလဒ်နဲ့ပတ်သက်လို့ အခုအချိန်ထိ စိတ်ပျက်နေဆဲပါပဲ။ ဆိုပေမဲ့လည်း တမှတ်ရတာက အဆင်ပြေပါတယ်။ နောက်လာမယ့်ပွဲကို နိုင်ခဲ့မယ်ဆိုရင်ပေါ့။ ကျွန်တော်တိုးတက်လာတယ်။ ကောင်းကောင်းလည်းလုပ်ပြခဲ့တယ်။ကျွန်တော် စိတ်ပျက်နေတာ ရလဒ်ကိုပဲမဟုတ်ဘူး’

” အသင်းက ကစားသမားတချို့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးအားမရဘူး။ ကျွန်တော့် ကောင်လေးတွေ ဒီထပ်ပိုကောင်းအောင် ကစားနိုင်တာ ကျွန်တော်သိတယ်’ ဆိုပြီး၊ သရေပွဲအတွက် သူစိတ်ပျက်နေတဲ့အကြောင်းကိုဖွင့်ဟခဲ့ပါတယ်။ မန်ယူနိုက်တက်ဟာ အခုသရေပွဲကြောင့် (၁၈)ပွဲကစား ၃၇ မှတ်နဲ့ဦးဆောင်နေဆဲဖြစ်ပေမဲ့ မန်စီးတီး ၁၇ ပွဲကစား ၃၅ မှတ်အပြင် တခြားအသင်းတွေကလည်း ဖိအားလိုက်ပေးနေလို့ အမှားခံလို့မရတဲ့အနေအထားမှာရှိနေဆဲပဲဖြစ်ပါတယ်။

AZ-SportsGabar