စာချုပ်ဖျက်သိမ်းဖို့ နှစ်ဦးသဘောတူလိုက်ပြီဖြစ်တဲ့ အိုဇေးလ်နဲ့ အာဆင်နယ်

အာဆင်နယ်အသင်းနဲ့ အိုဇေးလ်တို့ကြား လက်ကျန်ရှိနေတဲ့ စာချုပ် ၆ လကျော်ကို နှစ်ဦးသဘောတူဖျက်သိမ်းဖို့ သဘောတူလိုက်ပြီလို့ သိရပါတယ်။ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနဖြစ်တဲ့ သယ် အက်သလက်တစ်က ဒေးဗစ် အော်စတိန်းကိုယ်တိုင် ရေးသားထုတ်ဖော်ပေးလိုက်တဲ့သတင်းဖြစ်ပြီး၊ ၃၂ နှစ်သားကို အလွတ်ကြေးထွက်ခွင့်ပေးလိုက်ပြီလို့ ဆိုပါတယ်။

ဒီလိုဖျက်သိမ်းလိုက်တာကြောင့် ဖီနာဘာချီနဲ့ပုဂ္ဂိုလ်ရေး သဘောတူညီမှုရထားတဲ့ အိုဇေးလ်ဟာ မကြာခင်မှာ အသင်းပြောင်းတော့ဖို့ရှိနေပါတယ်။ ဇန်နဝါရီလကတည်းက အသင်းသစ်တွေကို ဆွေးနွေးထားတဲ့ အိုဇေးလ်ဟာ ဖီနာဘာချီနဲ့ညှိနှိုင်းထားနိုင်တဲ့အပြင် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်နဲ့လည်း သို့လောသို့လောသတင်းတွေထွက်နေသူပါ။

မတ်ချ်လကတည်းက အသင်းနဲ့ပွဲမထွက်ခဲ့ရတဲ့ အိုဇေးလ်အနေနဲ့ အခုလို စာချုပ်ဖျက်သိမ်းပေးလိုက်တာက အာဆင်နယ်ကို ပေါင် ၇ သန်းလောက် သက်သာသွားစေခဲ့ပါတယ်။ အသင်းကနေ သူရမယ့် လက်ကျန်လစာတွေကို လျှော်ပေးလိုက်တာဖြစ်တဲ့အတွက် အာဆင်နယ်ကလည်း အိုဇေးလ်ကြောင့် ပြောင်းရွှေ့ကြေးမရတော့ပါဘူး။

တပတ်ကို ပေါင် ၃၅၀၀၀၀ အပြင် အသင်းမှာ စာချုပ်ကုန်တဲ့အထိ ထပ်နေခဲ့ရင် သစ္စာရှိကြေးပေးရမယ့် ဘောနပ်စ်တွေကြောင့် အခုလို စောစီးလမ်းခွဲလိုက်တာလို့ သတင်းဌာနက ခန့်မန်းထားပါတယ်။ အိုဇေးလ်အနေနဲ့ အာဆင်နယ်အတွက် ၁၈၄ ပွဲကစားပေးထားပြီး၊ ၅၄ ကြိမ်ဖန်တီးမှု၊ ၃၃ ဂိုးနဲ့ အာဆင်နယ်အတွက် မနိမ့်တဲ့ စွမ်းဆောင်ရည်တခုကို ပြထားသူပါ။

အက်ဖ်အေဖလား သုံးလုံး၊ ကွန်မြူနတီဒိုင်းတခုပဲ အာဆင်နယ်နဲ့ အောင်မြင်မှုရခဲ့ပေမဲ့ ဆန်းချက်နဲ့ နှစ်ယောက်သား အတွဲညီခဲ့တဲ့ တိုက်စစ်ဟာ ပရီးမီးယားလိဂ်မှာ အတော်လေးကို ရေပန်းစားခဲ့ဖူးပါတယ်။ အခုတော့ အလွတ်ကြေးနဲ့ ပြောင်းရွှေ့ရတော့မှာဖြစ်တဲ့အတွက် ဂန္ဓဝင်တယောက်လို လမ်းခွဲခြင်းမျိုး မဟုတ်ခဲ့ဘူးလို့ ဆိုရမှာပါပဲ။

AZ-SportsGabar