ပင်နယ်တီနဲ့ပတ်သက်လို့ ကလော့ပ်ကဝေဖန်တာကို တုံ့ပြန်လိုက်တဲ့ ဘရူနိုဖာနန်ဒက်

လီဗာပူးနည်းပြ ကလော့ပ်တယောက် ဆောက်သမ်တန်ကို (၁-ဝ)နဲ့ ရှုံတဲ့ပွဲအပြီးမှာ မန်ယူနိုက်တက်ရဲ့ ပင်နယ်တီရနေတဲ့ စံချိန်ကို ဝေဖန်ခဲ့ပါတယ်။ သူနည်းပြလုပ်နေတဲ့ သက်တမ်းမှာ ရတဲ့ပင်နယ်တီဟာ လက်ရှိ မန်ယူနိုက်တက်အသင်း နှစ်နှစ်အတွင်းရခဲ့တဲ့ ပင်နယ်တီကို မမီဘူးလို့ပါ။ ဆိုးလ်ရှား၊ မော်ရင်ဟိုတို့လည်း အသီးသီး ပြန်ဝေဖန်ခဲ့ကြပြီး၊ ပွဲဆူခဲ့ပါတယ်။

ဒီအချိန်မှာ အသင်းရဲ့ပင်တိုင် ပင်နယ်တီကန်သွင်းသူ ဖာနန်ဒက်လည်း ပါလာခဲ့ပါတယ်။ ပင်နယ်တီရလာရင် ကန်သွင်းဖို့ တာဝန်ယူထားရတဲ့ ဖာနန်ဒက်က လီဗာပူးနည်းပြရဲ့ဝေဖန်မှုအပေါ် ကိုယ်တိုင်ပါဝင်ဖို့ဖြစ်လာပြီး၊ Mirror သတင်းဌာနဲ့ အင်တာဗျူးမှာ အခုလိုပြန် တုံ့ပြန်ခဲ့ပါတယ်။ ” လူတွေဘာပြောလဲ ခင်ဗျားအမြဲတမ်းလိုလို မြင်နေရမှာပါ။”

” ဒါပေမဲ့ ကျွန်တော်လုံး၀ ဂရုမစိုက်ပါဘူး။ သူတို့ဘာပြောနေလဲလည်း ကျွန်တော်အာရုံမထားဘူး။ ကျွန်တော်တို့ရှေ့တန်းမှာ တကယ့်ကိုမြန်လွန်းတဲ့ ကစားသမားတွေရှိတယ်။ မာရှယ်ဆိုရင် ဧရိယာထဲမှာ တယောက်ချင်းရင်ဆိုင်ခဲ့ရရင် အကောင်းဆုံးကစားသမားတွေထဲက တယောက်၊ ရက်ရှ်ဖို့ဒ်ဆိုရင်လည်း တော်တော်လေးမြန်တဲ့နောက်တယောက်ပဲ။’

” ဘယ်အနေအထားမှာမဆို တဖက်နောက်ခံလူကို လှည့်ထွက်သွားနိုင်တဲ့ ခြေမြန်ခြေထောက်ပိုင်ရှင်လိုမျိုးပေါ့။ အဲဒီလိုအစွမ်းတွေရှိနေတော့ ထိခိုက်မိတာမျိုးတွေ၊ လဲကျတာတွေက မကြာခဏရှိနေမှာပဲ။ လဲကျရင် ပင်နယ်တီရမယ်။ လူတွေက သူတို့လိုချင်တာကို ပြောနိုင်ပါတယ်။ ဒါပေမဲ့ အသင်းနဲ့ ကျွန်တော့်အတွက်ကျ အဓိကအရေးကြီးတာက အမှန်တရားတွေကို ဆက်လုပ်နေဖို့နဲ့’

” ပင်နယ်တီရလာရင် ဂိုးသွင်းဖို့ပဲ။ ကျွန်တော်ပေါ်တူဂီမှာ ကစားခဲ့တုန်းက ဘင်ဖီကာ၊ ပေါ်တိုလိုအသင်းတွေက အခုလိုမျိုးတွေကိုပဲ ပြောနေကြတာပါ။ အဲဒီလိုပြောလိုက်တော့ ကွင်းလယ်ဒိုင်တွေကို ဖိအားပေးလို့ရတယ်လေ’ ဆိုပြီး၊ ဖာနန်ဒက်က တုံ့ပြန်ခဲ့ပါတယ်။ ကလော့ပ်ရဲ့ Mind Game ကို နားလည်ကြောင်းနဲ့ ဒါဟာ ဘာကြောင့်ပြောတာလဲကို ရှင်းလင်းပြလိုက်တာက တော်တော်လေးကိုမိုက်တယ်ဆိုရမှာပါပဲ။

AZ-SportsGabar