လီဗာပူးကို ဘာကြောင့်အနိုင်ကစားမှာလဲရှင်းပြလိုက်ရင်း ၂၁ လုံးမြောက်ဖလားကို ချိန်ရွယ်နေတဲ့ဖာနန်ဒက်

အမှတ်ပေးဇယားထိပ်မှာ ၁ နဲ့ ၂ လုနေတဲ့ လီဗာပူး-မန်ယူ ပွဲက မကြာခင်မှာ ကစားတော့မှာပါ။ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်က အင်္ဂလန်ရဲ့အမှတ်ပေးဖလားအအောင်မြင်ဆုံး ကလပ်နှစ်သင်းတွေ့လာမယ့် ဒါဘီပွဲအပေါ် အနိုင်ရလဒ်ပဲလိုချင်နေပါတယ်။ ပရိသတ်တွေအတွက် ကစားပေးမယ်လို့ ဆိုလိုက်ပေမဲ့ ကိုယ်တိုင်က ဒီနှစ်ရာသီဖလားကိုအရယူချင်နေပါတယ်။

အကြောင်းက လီဗာပူးအနေနဲ့ အမှတ်ပေးဖလားကို ၁၉ လုံးမြောက်ရယူထားပါပြီ။ အင်္ဂလန်ရဲ့အအောင်မြင်ဆုံးဖြစ်တဲ့ မန်ယူက ဖလားအလုံး ၂၀ ရှိထားချိန်မှာ ဒီနှစ်လီဗာပူးတို့ ဗိုလ်စွဲခဲ့ရင် အဆင့်တူသွားမှာပါ။ ဖာနန်ဒက်က ဒီအချက်ကို သဘောမကျဘဲ သူဘာကြောင့် လီဗာပူးအသင်းကို မဖြစ်မနေအနိုင်ကစားမှာလဲကို အခုလို ရှင်းပြခဲ့ပါတယ်။

” ခင်ဗျားအနေနဲ့ ပြိုင်ဘက်ကို လယ်ဗယ်တူရောက်လာတာမျိုး လိုချင်မှမဟုတ်ပါဘူး။ ပရိသတ်တွေဖက်ကကြည့်ရင်လည်း နောက်နေ့ရောက်ရင် သူတို့လီဗာပူးပရိသတ် သူငယ်ချင်းတွေကို စကားပြောရင် ပွဲရှုံးထားပြီးစကားပြောတာထက် နိုင်ပြီးစကားပြောတာက ပိုမကောင်းဘူးလား။ ပြီးတော့ ထပ်ပြီးအပျော်တွေဆင့်ချင်ရင် ဖလား၂၁ လုံးရပြီး၊ လီဗာပူးက ၁၉ လုံးပဲရသေးတယ်ဆိုတာမျိုးပေါ့”

” ကျွန်တော်လည်း သိတယ်။ ခင်ဗျားလည်းသိမှာပဲ။ ဘယ်သူမှပြိုင်ဘက်နဲ့ အမှတ်မတူချင်သလို ဖလားအရေအတွက်လည်း တူချင်မှာမဟုတ်ဘူး။ ကစားသမားတွေအတွက် ဘယ်ပွဲမဆို အတူတူဖြစ်ပေမဲ့ ပရိသတ်တွေအတွက်ကတော့ မတူဘူး။ အခုလို အဓိက ပြိုင်ဘက်နဲ့ပွဲတွေမှာဆိုရင်ပေါ့ ‘ ဆိုပြီး လီဗာပူးကို သူမဖြစ်မနေအနိုင်ကစားမယ့် အကြောင်းတွေကို ရှင်းပြသွားခဲ့ပါတယ်။

နောက်ဆုံးအကြိမ်တွေ့ဆုံမှုအရတော့ လီဗာပူးက မန်ယူနိုက်တက်ကို (၂-ဝ)နဲ့ အနိုင်ရထားပါတယ်။ လွန်ခဲ့တဲ့ ၁၂ လအကြာကဖြစ်ပြီး၊ အဆိုပါအချိန်တုန်းက ရာသီကုန်ချိန် အမှတ် ၃၀ အထိ ကွာဟခဲ့ပါတယ်။ အခုအချိန်မှာတော့ ၃ မှတ်အသာနဲ့ကို ဦးဆောင်နေတာကနေ ပြန်ကစားရမှာဖြစ်တဲ့အတွက် ဘယ်လိုရလဒ်ထွက်လာမလဲက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

AZ-SportsGabar