(၁၀) နှစ်ကျော်နေခဲ့ပေမဲ့ ချဲလ်ဆီးပရိသတ်တွေတောင်မသိတဲ့ကစားသမား အသင်းကထွက်ခွာ

လူငယ်ကစားသမားတွေကို နှစ်ရှည်စာချုပ်နဲ့အငှားတွေ ပတ်ချတတ်တဲ့ ချဲလ်ဆီးဟာ လတ်တလောမှာ သူ့ရဲ့အသင်းသား တဦးကိုထွက်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ (၁၀)နှစ်ကျော်အသင်းမှာ ရှိခဲ့ပေမဲ့ ၃ ပွဲပဲကစားခဲ့ရတဲ့ ကစားသမားဟာ စာချုပ်ကုန်ချိန်မှာ အလွတ်ကြေးနဲ့ ထွက်ခွာသွားပြီဖြစ်ပြီး၊ ဘရာဂါကို လေးနှစ်စာချုပ်နဲ့ရောက်သွားခဲ့ပါတယ်။

ဘရာဇီးလ်သား လူးကပ်စ် ပီရာဇွန်အနေနဲ့ ချဲလ်ဆီးကို (၂၀၁၁)မှာ ရောက်လာခဲ့ပါတယ်။ (၂၀၁၂)ခုနှစ်မှာ ချဲလ်ဆီးက အက်စတွန်ဗီလာကို (၈-ဝ)နဲ့နိုင်ခဲ့ချိန်၊ ပီရာဇွန်ပါဝင်ကစားခဲ့ပြီး၊ အသင်းအတွက် ခြေစွမ်းအနည်းငယ် ပြခဲ့ပါတယ်။ ရာမီရက်စ်ကို တဂိုးဖန်တီးပေးခဲ့သလို ပင်နယ်တီတလုံးရအောင်လည်း လုပ်ပေးခဲ့ပြီးနောက်မှာ ချဲလ်ဆီးရဲ့အလားအလာရှိလူငယ်အဖြစ်သတ်မှတ်ခဲ့ပါတယ်။

နောက်တော့ ပွဲထွက်များအောင်အငှားချလိုက်ပြီး၊ ဆာအိုပေါ်လို ကစားသမားဟောင်းဟာ နိုင်ငံခြောက်နိုင်ငံမှာ ကလပ်ခုနှစ်ခုအတွက်အငှားထွက်ကစားခဲ့ရပါတယ်။ မာလာကာ၊ ဗိုက်တက်ဆီ၊ ဖရန့်ဖတ်၊ ရီဒင်း၊ ဖူလ်ဟမ်၊ ဗီရိုနာနဲ့ ရိုယိုအေ့ဗ်တို့လို အသင်းတွေမှာပါ။ အသင်းကြီးမှာ ပွဲထွက်နိုင်လောက်အောင်ထိ အထင်ကြီးတဲ့ခြေစွမ်းမပြနိုင်ခဲ့သလို စာချုပ်ရှည်ထပ်ချုပ်ပြီးအငှားချပေမဲ့ တိုးတက်မလာခဲ့ပါဘူး။

ဒီနှစ်ရာသီ အသက် ၂၆ နှစ်အရွယ်ရောက်လာချိန်မှာတော့ အသင်းနဲ့လမ်းခွဲခဲ့ကာ အလွတ်စာချုပ်နဲ့ ဘရာဂါကို ရောက်သွားခဲ့ပါတယ်။ ပရီးမီးယားလီဂါမှာ အဆင့်လေးချိတ်နေတဲ့ ဘရာဂါက ကစားသမားကို ယုံကြည်မှုပေးဖို့ ဆုံးဖြတ်ခဲ့ပြီး၊ လေးနှစ်စာချုပ်နဲ့ ၂၀၂၅ အထိခေါ်ယူခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ဘရာဂါရဲ့ တရားဝင်ဝက်ဘ်ဆိုက်တွေကလည်း အသီးသီးအတည်ပြုခဲ့ပါတယ်။

ချဲလ်ဆီးအသင်းမှာ (၁၀)နှစ်ကျော်နေခဲ့ပေမဲ့ အခုလို ပွဲထွက်မရတာဟာ နောက်ထပ်ကစားသမားတဦးလည်းရှိပါသေးတယ်။ သူက (၂၀၀၉)ခုနှစ်မှာ ချဲလ်ဆီးကိုရောက်လာပြီး၊ အငှားကိုးကြိမ် ထွက်ကစားခဲ့ရပေမဲ့ ချဲလ်ဆီးအသင်းကြီးအတွက် တပွဲမှ ပဲမထွက်ခဲ့ရတဲ့ ဂိုးသမား မတ်တစ် ဒီလက်စ်ဆိုတဲ့ ကစားသမားပါ။ ၂၀၁၈ မှာ အသင်းကထွက်ခွင့်ပေးခဲ့ပြီး၊ အေစီဟော်ဆန်ဆိုတဲ့အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

AZ-SportsGabar