မက်ဆီအနားယူသွားရင်တောင် ၂၀၂၅ အထိ လစာပေးနေရမယ့် ဘာစီလိုနာ

ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီတယောက် အသင်းကနေ အနားယူသွားရင်တောင်မှ ၂၀၂၅ အထိ ကလပ်က လစာပေးချေနေရမယ်လို့ သိရပါတယ်။ လက်ရှိရနေတဲ့ လစာအပြည့်တော့မဟုတ်ဘဲ တပတ်ကို ပေါင် ၁၇၀၀၀၀ နှုန်းနဲ့ဖြစ်ပြီး၊ ကလပ်မှာ မကစားလည်း ပေးချေရမှာဖြစ်ပါတယ်။

မက်ဆီနဲ့ ဘာစီလိုနာက လက်ရှိမှာ စာချုပ်သစ်ဆွေးနွေးတာ အောင်မြင်တာမျိုးမရှိသေးပါဘူး။ ကစားသမားရဲ့စာချုပ်အရ လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးဖြစ်တော့မယ့်အပေါ် မက်ဆီနဲ့ဘာစီလိုနာ လမ်းခွဲက သေချာနေသလောက်ရှိနေပါတယ်။ ဒါပေမဲ့ ဘာစီလိုနာဖက်က ကစားသမား မကစားလည်း လစာကို လေးနှစ်လောက်ထပ်ရဖို့ရှိပါတယ်။

မာကာသတင်းဌာနာက ဖော်ပြခဲ့တဲ့သတင်းအရ အခုလိုဖြစ်ရတာက ၂၀၁၇ တုန်းက မက်ဆီချုပ်ခဲ့တဲ့ စာချုပ်ကြောင့်ပါ။ စာချုပ်အရ မက်ဆီရဲ့လေးနှစ်တာစာချုပ်မှာ ကစားသမားဟာ လစာစုစုပေါင်း ယူရိုသန်း (၁၀၀)အထိရဖို့ရှိနေပါတယ်။ လစာအပြင် ဘောနပ်စ်စုစုပေါင်းကို ဘာစီလိုနာက ကစားသမားကို ယူရို ၇၈ သန်းအထိပေးချေရမယ်လို့ ပါရှိပါတယ်။

ဘာစီက လစာကိုပုံမှန်ပေးချေနေကြဖြစ်ပေမဲ့ ဘောနပ်စ်ကိုတော့ နှစ်ခါခွဲပေးမယ်လို့ ကတိတည်ထားခဲ့ပါတယ်။ ပထမတကြိမ် ယူရို ၃၉ သန်းကို ပြီးခဲ့တဲ့ဇူလိုင်လကမှ ပေးနိုင်ခဲ့အတွက် မက်ဆီကို ဘာစီလိုနာပေးချေဖို့ကျန်ရှိနေတာက ယုရို ၃၉ သန်းဖြစ်ပါတယ်။ တွက်ချက်မှုတွေအရ တပတ်ကို ပေါင် ၁၇၀၀၀၀ နှုန်းနဲ့ ၂၀၂၅ အထိ ပေးချေရမယ်လို့ သိရပါတယ်။

ဒါဟာ မက်ဆီဘာစီလိုနာကနေ အနားယူသွားရင်တောင်မှ လစာအနေနဲ့ ပေးအပ်နေရမယ့် ပမာဏဖြစ်ပါတယ်။ အခုလိုဖြစ်သွားရတဲ့အကြောင်းက ဘာစီလိုနာရဲ့ဘဏ္ဍာရေးပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့ ကိုရိုနာကပ်ကြောင့် ဝင်ငွေလျော့နည်းခဲ့တာတွေကြောင့်ပါ။ လုံးခနဲမပေးနိုင်တော့တဲ့အပေါ် လေးနှစ်တာ အချိန်ဇယားနဲ့မက်ဆီကို ပြန်ပေးဖို့ သဘောတူညီထားတာလည်းဖြစ်ပါတယ်။

AZ-SportsGabar