ကစားသမားကို အနီကတ်ပြဖို့ ကိုယ်တိုင်ခြေထောက်နဲ့လှမ်းတားခဲ့ဖူးတဲ့ ကွင်းလယ်ဒိုင်

လွန်ခဲ့တဲ့သုံးနှစ်က ဒီလိုအချိန်မျိုးမှာ ဘောလုံးသမိုင်းတလျှောက် အဆိုးရွားဆုံးဖြစ်ရပ်တခုဖြစ်ခဲ့ပါတယ်။ ဒိုင်လူကြီး တိုနီ ချာပရွန်တယောက် ပွဲချိန်တွင်းကစား သ မားတယောက်ကို ခြေထောက် ကလန့်ထိုးပြီး၊ နှစ်ဝါတနီနဲ့ အနီကတ်ပြထုတ်ပယ်ခဲ့တဲ့ ဖြစ်ရပ်ကြောင့်ပါ။ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်က နန့်တက်စ်နဲ့ ပီအက်စ်ဂျီကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာဖြစ်ပါတယ်။

နန့်တက်စ်အသင်းမှာ အဆိုပါအချိန်က ကစားနေတဲ့ ဒီယေကိုကားလို့စ်တယောက် (အခုဆီဗီးလား) ဂိုးပေါက်ဖက်ကို ကာကွယ်ဖို့ပြန်အပြေးမှာ ဒိုင်နဲ့မတော်တဆထိမိခဲ့ပါတယ်။ သူက ကွင်းလယ်ဒိုင်နဲ့အတူ နောက်ကပြေးလိုက်နေချိန်၊ ဒိုင်လူကြီးကို အနောက်ကနေ ဝင်တိုက်မိသလို ဖြစ်သွားခဲ့တာပါ။ ဒိုင်လူကြီးက ဒလိမ့်ခေါက်ကွေးနဲ့ လဲကျသွားပါတယ်။

ရှက်လည်းရှက်သွားတဲ့ ကွင်းလယ်ဒိုင်က နောက်ကနေပြေးလိုက်ပြီး၊ ဒီယေဂိုကားလို့စ်ကို ဆလိုက်ပြေးထိုးသလိုမျိုး ခြေထောက်နဲ့လိုက်ဟန့်လိုက်ပါတယ်။ ကားလို့စ်ယောက် မပြေးနိုင်တော့ဘဲ ရပ်တန့်သွားခဲ့ချိန်မှာ အဝါကတ်တကတ်ဆွဲထုတ်ပါတယ်။ နဂိုကအဝါရှိနေတဲ့အတွက် နှစ်ဝါတနီနဲ့ထွက်သွားရပြီး၊ ဒိုင်နဲ့ ကစားသမားတွေကြား ပြဿနာတက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ဒိုင်တယောက်ကွင်းထဲမှာ လုံးဝမှားတဲ့အပြုအမူပါ။ ချက်ချင်းဆိုသလို အဖွဲ့ချုပ်က ကားလို့စ်ကိုကာကွယ်ပေးခဲ့ကာ အနီကတ်ပြစ်ဒဏ်ကိုပယ်ဖျက်ပေးခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ကို ခြောက်လ အနားပေးခဲ့ပြီး၊ ၁၉၉၈ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်လာတဲ့ ဒိုင်လူကြီးဟာ သူ့ဘဝတလျှောက်အဆိုးဆုံး ပြစ်ဒဏ်ကို ကျခံခဲ့ရပါတယ်။

မီဒီယာတွေက ဝိုင်းမီးမောင်းထိုးပြချိန်မှာတော့ လုံးလုံးကို အနားယူသွားခဲ့ကာ ချာပရွန်ဟာ ဒိုင်လောကကို နှုတ်ဆက်သွားခဲ့ပါတယ်။ ချာပရွန်ဟာ ဒိုင်လောကမှာ ကစားသမားတွေနဲ့ မကြာခဏပြဿနာတက်ဖူးတဲ့အပြင် ဇလာတန်လို ကစားသမားတွေနဲ့အစ ညှိဖူးခဲ့တဲ့ ဒိုင်ဖြစ်ပါတယ်။ အနားယူခဲ့တာ သုံးနှစ်ပြည့်ခဲ့ပြီလည်းဖြစ်ပါတယ်။

AZ-SportsGabar