ရိုဂျိုနဲ့ ရိုမီယို အသင်းကနေ ထွက်ခွာတော့မယ်လို့ ဆိုးလ်ရှားအတည်ပြု

မန်ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ သူတို့ရဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ နောက်ခံလူရိုဂျိုနဲ့ ဂိုးသမား ရိုမီယိုတို့အသင်းကထွက်ခွာတော့မယ့်အကြောင်းအတည်ပြုခဲ့ပါတယ်။ လာမယ့်နွေမှာ စာချုပ်သစ်ကုန်ဆုံးတော့မယ့် ကစားသမားနှစ်ဦးဟာ သို့လောသို့လောသတင်းတွေထွက်နေပေမဲ့ နည်းပြက စာချုပ်သစ်မတိုးတော့ပါဘူး။

” ရိုဂျိုနဲ့ ရိုမီယိုနှစ်ယောက်လုံးက နွေရာသီမတိုင်ခင်အထိစာချုပ်တွေရှိနေပါတယ်။ အသင်းကတော့ သူတို့နှစ်ယောက်လုံးကို စာချုပ်တိုးတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က သူတို့နှစ်ယောက်လုံးကို ကလပ်အသစ်တွေရှာခွင့်ပေထားပါတယ်။ ရိုဂျိုကိုဆိုရင်လည်း အိမ်ကိုပြန်ခွင့်ပေးထားတဲ့အတွက် သူကအခုဆိုရင် အာဂျင်တီးနားမှာရှိနေပါတယ်။”

” ရိုမီယိုကလည်း သူ့မိသားစုကိုတွေ့ဖို့ အိမ်ကိုပြန်သွားပါတယ်။ အခုတော့ အင်္ဂလန်ပြန်ရောက်နေပါပြီ။ နှစ်ယောက်လုံးက ပရော်ဖက်ရှင်နယ်တွေပါ။ အလုပ်လည်းကြိုးစားတယ်။ ကျွန်တော်တို့သူတို့ကို ခေါ်မယ်ဆိုရင် သူတို့အသင့်လည်းဖြစ်နေပါတယ်။ ဆိုပေမဲ့ ရိုဂျိုကတော့ ပြန်လာရင် သူ့အနေနဲ့ ကွာရင်တိုင်းဝင်ရဖို့တော့ ရှိပါတယ်။” လို့ ဆိုးလ်ရှားက ပြောပါတယ်။

ရိုမီယိုနဲ့ ရိုဂျိုနှစ်ယောက်လုံးက နွေရာသီမှာပဲစာချုပ်သစ်ကုန်ဆုံးတော့မယ့် ကစားသမားတွေဖြစ်ပါတယ်။ အသင်းက နှစ်ယောက်လုံးကို ထွက်ခွင့်ပေးထားပြီဖြစ်တဲ့အတွက် ကစားသမားတွေဟာ သူတို့ရဲ့ကလပ်အသစ်တွေကို ရှာဖွေခွင့်လည်းရထားပါတယ်။ ရိုဂျိုဆိုရင် အသင်းကြီးမှာလည်း မှတ်ပုံမတင်ထားသလို ဒီနှစ်ရာသီမှာ ယူ ၂၃ နဲ့ တပွဲပဲ ပွဲထွက်ထားတာကိုတွေ့ရပါတယ်။

ရိုမီယိုကတော့ အသင်းမှာ ပြဿနာအနည်းငယ်တက်ခဲ့တာကြောင့် ကလပ်ကစာချုပ်သက်တမ်းမတိုးတော့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ရိုမီယိုကို အသင်းပြောင်းခွင့်မပေးခဲ့တဲ့အပေါ် မိန်းမဖြစ်သူက ယူနိုက်တက်ကို လူသိရှင်ကြားဝေဖန်ခဲ့ပြီး၊ ကလပ်ကလည်း ကစားသမားကို အသင်းကြီး လူစာရင်းထဲ မထည့်ဖို့ထိ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

AZ-SportsGabar