အာဆင်နယ်ကိုစွန့်ခွာဖို့ မေဂျာလိဂ်ကလပ်နဲ့ညှိထားပြီဆိုတဲ့ အိုဇေးလ်

အာဆင်နယ်ရဲ့ကွင်းလယ်တိုက်စစ်ကစားသမား အိုဇေးလ်ဟာ သူနဲ့အသင်းကြား ဆက်ဆံရေးတွေကို ဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။ Football london သတင်းထောက် ခရစ်ဝိတ်လေ ရဲ့နောက်ဆုံးတင်ပြချက်တခုအဖြစ်ထွက်လာတဲ့ သတင်းအရ အိုဇေးလ်ဟာ မေဂျာလိဂ်ကလပ်နဲ့ညှိထားပြီလို့သိရပြီး၊ လာမယ့်ဇန်နဝါရီမှာကိုပဲ ထွက်ခွာသွားဖို့ရှိနေပါတယ်။

သတင်းထောက်ရဲ့ဖော်ပြချက်အရ အိုဇေးလ်ညှိနှိုင်းနေတာက ဒီစီယူနိုက်တက်လို့ သိရပါတယ်။ တရားဝင်ညှိနှိုင်းဆွေးနွေးထားတယ်လို့ဆိုလိုက်တဲ့အချက်မှာ အိုဇေးလ်ကို ကလပ်ဖက်က အရင်စတင်ကမ်းလှမ်းလာတာလို့ ဆိုပါတယ်။ အရင် ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ရွန်းနီကိုလည်း ခေါ်ထားဖူးတဲ့ ဒီစီယူနိုက်တက်ဟာ ပုံရိပ်တွေကို အသုံးချဖို့ အလိုရှိနေပါတယ်။

အာဆင်နယ်အတွက် တပွဲမှပွဲမထွက်ရသေးတဲ့ အိုဇေးလ်အတွက် ဒီကမ်းလှမ်းမှုက ကစားသမားအတွက် မက်လောက်စရာ ပမာဏတရပ်ပါမယ်လို့ သိရပါတယ်။ တပတ်ပေါင် ၃၅၀၀၀၀ နဲ့ အာဆင်နယ်ရဲ့ထိပ်တန်းလစာရှင်ဖြစ်နေတဲ့ အိုဇေးလ်ဟာ လက်ရှိကလပ်ကို စွန့်ခွာဖို့အထိ စဉ်းစားလာတဲ့အချက်မှာ လစာပမာဏဟာ မနည်းလောက်ဘူးလို့ ခန့်မှန်းနေကြပါတယ်။

၂၀၁၃ ခုနှစ်မှာ အာဆင်နယ်ကိုပေါင် ၄၂.၅ သန်းနဲ့ရောက်လာပြီး၊ အသင်းအတွက် ဂိုးဖန်တီးမှုတွေများစွာပြုလုပ်ခဲ့တဲ့ ကစားသမားဟာ လက်ရှိအချိန်မှာ အသင်းရဲ့ ယူရိုပါလိဂ်ရော၊ ပရီးမီးယားလိဂ်ရောမှာပါ လူစာရင်းမပါဝင်ထားပါဘူး။ ဒါကြောင့် ဒီစီနဲ့ သတင်းအခုလို ထွက်လာတာဟာ အပြီးသတ်ပြောင်းရွှေ့ဖို့ အကောင်းဆုံးဖြစ်နေပြီလို့ ခရစ်ဝိတ်လေက ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

အရင်သတင်းထွက်ခဲ့တဲ့အသင်းက တူရကီကလပ် ဖီနာဘာချီဖြစ်ပြီး၊ အိုဇေးလ်ဟာ ပြောင်းရွှေ့တော့မယ်လို့ ဆူညံလာချိန်မှာ အခုလို ဒီစီကလပ်နဲ့သတင်းထွက်လာတာပါ။ ဇန်နဝါရီမှာပဲ အသင်းပြောင်းတော့မလားက စိတ်ဝင်စားစရာပါပဲ။

AZ-SportsGabar