ကာရာဘောင်ဖလားကို အပိုင်သိမ်းပြီး၊ စံချိန်သစ်တင်ဖို့ လက်တကမ်းအကွာကိုရောက်လာတဲ့ မော်ရင်ဟို

ဘရန်းဖို့ဒ်ကို (ဝ-၂)ရလဒ်နဲ့ ကာရာဘောင်ဆီးမီးဖိုင်နယ်မှာ စပါးတို့အနိုင်ရခဲ့ပါတယ်။ ဖိုင်နယ်တက်သွားပြီဖြစ်တဲ့အပြင် စပါနည်းပြမော်ရင်ဟို လက်ထက်မှာ စပါးတို့ စောစောစီးစီးပဲ ဖလားတလုံးလမ်းကြောင်းပေါ် ရောက်လာခဲ့ပါတယ်။ နည်းပြပြီးနောက်တနှစ်နေရင် ကျိန်းသေဖလားရတယ်ဆိုတဲ့ မော်ရင်ဟိုအတွက် ဒီဖလားက လက်တကမ်းမှာပါ။

တဖက်မှာတော့ ဆီးမီးဖိုင်နယ်နှစ်သင်းဖြစ်တဲ့ မန်စီးတီး-မန်ယူပွဲစဉ်က ရှိနေပါတယ်။ နှစ်သင်းက တက်လာတဲ့အသင်းဟာ အသင့်စောင့်နေတဲ့ မော်ရင်ဟိုရဲ့စပါးနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ လက်ရှိချန်ပီယံမန်စီးတီးအနေနဲ့ ကာရာဘောင်ဖလားကို ဂုဏ်သိက္ခာအရ နှစ်တိုင်းလိုလို အရယူထားတဲ့အသင်းဖြစ်ပြီး၊ ဒီနှစ်မှာလည်း သူတို့ရဲ့ ဖလားအဖြစ်ကာကွယ်ဖို့ရှိနေပါတယ်။

စပါးအနေနဲ့ ၁၃ နှစ်ကြာကာလအတွင်း သူတို့ရဲ့ပထမဆုံးဖလားရဖို့ လမ်းကြောင်းကိုရောက်လာခဲ့တဲ့အပေါ် ကာရာဘောင်ဖလားဟာ ဂုဏ်သိံက္ခာအရကြီးမားတာကို မော်ရင်ဟိုက အခုလိုဆိုပါတယ်။ ” ကာရာဘောင်ကိုရတဲ့ဆုရှင်တွေမြင်ရင် အသင်းကြီးတွေပဲဆိုတာ နားလည်လိမ့်မယ်။ အင်္ဂလန်ရဲ့ကြီးခြောက်ကြီးကနေခွဲထွက်ပြီး၊ ဘယ်သူကဒီဖလားကို နောက်ဆုံးရဖူးတာလဲ”

” ဆွမ်ဆီးလားမသိဘူး။ ကျွန်တော်မှတ်မိသလောက်ကတော့ မန်စီးတီးတို့အများကြီးရဖူးတယ်။ ချဲလ်ဆီးလည်း မကြာခဏရတယ်။ မန်ယူနိုက်တက်ဆိုရင်လည်း နည်းနည်းရဖူးတယ်။ လီဗာပူးဆိုလည်း ဖိုင်နယ်ခဏခဏတက်တာပဲ။ အာဆင်နယ်ရောပဲ။ အသင်းကြီးမှန်ရင် ကာရာဘောင်ဖလားကို ဂရုစိုက်ပါတယ်။’ လို့ သူဟာ ကာရာဘောင်ကို အလေးထားတဲ့အကြောင်းပြောခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးရဲ့ ကာရာဘောင်ဖလားဖိုင်နယ်က ၉ ကြိမ်မှာ ၄ကြိမ်အနိုင်ရထားပါတယ်။ ၁၀ ကြိမ်မြောက်တက်လှမ်းလာချိန်၊ ဖလားသာရခဲ့ရင် ၁၃ နှစ်ကြာဖလားလက်မဲ့မှုကိုအဆုံးသတ်နိုင်မှာဖြစ်သလို မော်ရင်ဟိုဟာလည်း ကာရာဘောင်ဖလားကို ပရီးမီးယားလိဂ်ကလပ် သုံးသင်းနဲ့ရတဲ့ ပထမဆုံးနည်းပြဖြစ်လာတော့မှာ ဖြစ်ပါတယ်။