ဂိုးရဖို့ ၂၁ စက္ကန့်ပဲ လှုပ်ရှားလိုက်အပြီးမှာ အာဆင်နယ်ဟာ တခြားကမ္ဘာရောက်နေပြီလို့ဆိုလိုက်တဲ့ အာတီတာ

ချဲလ်ဆီးကို (၃-၁)နဲ့နိုင်ပွဲရပြီး မကြာခင်မှာပဲ ဘရိုက်တန်ကို (၁-ဝ)နဲ့ အာဆင်နယ်ဟာ ဆက်နိုင်ခဲ့ပါတယ်။ နောက်ဆုံး ငါးပွဲဆက် ဘရိုက်တန်ကို နိုင်ပွဲမရှိထားတဲ့ စံချိန်ကိုလည်း ချေဖျက်အပြီး၊ နှစ်ပွဲဆက်နိုင်လာချိန်မှာ အာဆင်နယ်ဟာ လမ်းကြောင်းမှန်တခုပေါ် ရောက်လာခဲ့ပါပြီ။

အသင်းရဲ့ပထမပိုင်းမှာ (ဝ-၀)နဲ့ သရေကျနေချိန်၊ လိုအပ်နေတဲ့ အနိုင်ဂိုးရလာဖို့ အာတီတာဟာ အမှတ်မထင်လူစားလဲမှုလုပ်ခဲ့ပါတယ်။ မာတင်နယ်လီနေရာ လာကာဇက်တီကို ထည့်လိုက်ပြီး၊ ၂၁ စက္ကန့်အကြာမှာပဲ တချက်ထိ တချက်ဂိုးနဲ့အတူ အနိုင်ဂိုးကိုရှာဖွေသွားနိုင်ခဲ့ပါတယ်။ နိုင်ပွဲအတွက် မှန်ကန်တဲ့လူစားလဲမှုပြုလုပ်ပြီးချိန်မှာတော့ အာတီတာတယောက် အခုလိုဆိုလာပါတယ်။

” အခုလို ကာလမျိုးမှာ ကျွန်တော်တို့နိုင်ပွဲတွေ ဘယ်လောက်လိုအပ်နေလဲဆိုတာကို သိပါတယ်။ ကျွန်တော်တို့မှာ တကယ့်ကို ခက်ခဲတဲ့ ရက်သတ္တပတ်တွေရှိခဲ့တယ်။ အခုတော့ အနိုင်နှစ်ပွဲရှိလာပြီ။ လူတိုင်းကလည်း ပိုကောင်းတဲ့ စိတ်ခံစားချက်တွေရှိလာပြီလို့ ကျွန်တော်ထင်တယ်။ အကောင်းဆုံးဖြေဆေးကိုပြပါဆိုရင် အနိုင်ရတာပဲ’

” တခြားကမ္ဘာတခုရောက်ပြီး၊ ပုံပြင်အသစ်တခုနဲ့ပေါ့။ အမှတ်ပေးဇယားကလည်း အရင်ကထက် အများကြီး ပိုကောင်းလာပြီ။ ကျွန်တော်တို့ရနေတဲ့ဟန်ချက်ကိုပိုလိုအပ်တဲ့အပြင် နောက်တကြိမ်နိုင်ဖို့ ထပ်ကြိုးစားရမယ်။ ကျွန်တော်တို့မကြာသေးခင်ကဖြစ်ခဲ့တဲ့ ပြဿနာတွေ၊ ကိုဗစ်ကိစ္စတွေကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် တကယ့်ကို လုံး၀ စိန်ခေါ်မှုတွေဖြစ်ခဲ့တယ်။’

” ကျွန်တော် ပျော်နေသလို တဆက်တည်းမှာလည်း ခံစားရတယ်။ ဒါပေမဲ့ ကျွန်တော့်ဘေးမှာ တကယ့်လူကောင်းတွေရှိနေတဲ့အပြင် တကယ်ကောင်းတဲ့ အဖွဲ့အစည်းကလည်း နောက်မှာရှိနေပါတယ်။ ‘ လို့ နိုင်ပွဲအပေါ် မှတ်ချက်ပေးသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ နိုင်ပွဲကြောင့် ၂၀၂၀ ကို အနိုင်နဲ့နှုတ်ဆက်နိုင်ခဲ့ပြီး၊ ခရစ္စမတ်ကာလနောက်ပိုင်း စံချိန်ကောင်းတွေကို ဆက်လက်ပိုင်ဆိုင်သွားခဲ့ပါတယ်။

AZ-SportsGabar