သောမတ်တူချယ်ကို ထုတ်ပယ်လိုက်အပြီးမှာ စပါးနည်းပြဟောင်းနဲ့ သတင်းထွက်လာတဲ့ ပီအက်စ်ဂျီ

စထရားဘော့ဂျ်အသင်းကို ၄-၀ နဲ့ နိုင်ခဲ့တဲ့ပွဲအပြီးမှာ ပီအက်စ်ဂျီဟာ သူတို့ရဲ့နည်းပြဖြစ်တဲ့ သောမတ်တူချယ်ကို ထုတ်ပယ်ခဲ့ပါတယ်။ အတော်လေးကိုမှ အံ့အားသင့်ဖွယ်ရာဖြစ်တဲ့အပြင် ရလဒ်ပိုင်းဆိုးဆိုးရွားရွားမရှိတာကြောင့် ကမ္ဘာ့ဘောလုံးလောကကို တုန်လှုပ်သွားစေခဲ့ပါတယ်။

ဝေဖန်သံတွေအရ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရှုံးပွဲအပြီးမှာ အသင်းကိုအောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့်လို့ သတင်းထွက်ခဲ့ပါတယ်။ လက်ရှိအမှတ်ပေးဇယားမှာလည်း လိုင်လီ၊ လိုင်ယွန်တိုနဲ့ အမှတ်မကွာသလို ချန်ပီယံလိဂ်မှာ ၁၆ သင်းအဆင့်ကိုလည်းတက်ထားနိုင်တဲ့ တူချယ်ကို ရုတ်တရက်ထုတ်ပယ်လိုက်တာဟာ အသင်းရဲ့အနာဂတ်အစီအစဉ်အသစ်တွေကြောင့်ဆိုပါတယ်။

ပီအက်စ်ဂျီဟာ နည်းပြသစ်နေရာအတွက် ပိုချက်တီနိုကို အစားထိုးလိုနေတာကြောင့်လို့ဆိုပါတယ်။ စပါးအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့ပြီး၊ နောက်နှစ်မှာ ရာထူးကထုတ်ပယ်ခံခဲ့ရတဲ့ပိုချက်တီနိုဟာ ပီအက်စ်ဂျီနဲ့ နားလည်မှုတွေရထားပြီလို့ ထိပ်တန်းမီဒီယာတွေက ဖော်ပြနေပါတယ်။ ပိုချက်တီနိုနဲ့ နှစ်ပါးသွားဖို့အပြင် နောက်ထပ်အခြေအနေတခုကလည်း ရှိနေပါတယ်။

သတင်းထောက် ဖာဘရီဇီယိုရိုမန်နိုရဲ့ ဖော်ပြချက်အရ ပိုချက်တီနိုရဲ့ရှေ့နေဟာ ပြီးခဲ့တဲ့အပတ်က ပီအက်စ်ဂျီရဲ့ဘောလုံးဒါရိုက်တာ လီယိုနာဒိုနဲ့ တွေ့ဆုံခဲ့ကာ ပိုချက်တီနိုဖက်က လက်ခံဖို့အသင့်ပဲလို့ဆိုခဲ့ပါတယ်။ ဒါပေမဲ့ နောက်ထပ် ရွေးချယ်မှုတခုအနေနဲ့ ပီအက်စ်ဂျီဟာ ပိုချက်တီနိုနဲ့ အသင်းကြားအဆင်မပြေခဲ့ရင် ကလပ်ရဲ့ကစားသမားဟောင်း သီယာဂိုမော့တာနဲ့ ဆက်ထိန်းညှိသွားမယ်လို့သိရပါတယ်။

ပိုချက်တီနိုကိုခေါ်ယူမလား၊ သီယာဂိုမော့တာလားကိုတော့ ထုံးစံအတိုင်းစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ အခုလိုလုပ်ရပ်ကိုပြုလုပ်အပြီးမှာ အများမထင်မှတ်ထားတာကို လုပ်ဆောင်နေတဲ့အသင်းအဖြစ် ပရိသတ်တွေက သတိထားမိလာပါပြီ။ နောက်ထပ်ရေပန်းစားနေသလို မက်ဆီကိုခေါ်ပြခဲ့ရင်တော့ ပရိသတ်တွေကြား အံ့အားသင့်ဖွယ်အပြောင်းအရွှေ့တွေထပ်ဖြစ်လာဖို့ရှိနေပါတယ်။

AZ-SportsGabar