ဥက္ကဌဖြစ်တာနဲ့ နူးကမ့်ကွင်းကို ဖြိုချမယ်လို့ ကတိထပ်ပေးလိုက်တဲ့ ဘာစီဥက္ကဌလောင်း

တမျိုးပြီးတမျိုးမရိုးတဲ့ ကတိတွေကို ပေးနေတဲ့ ဘာစီလိုနာဥက္ကဌလောင်း လာပေါ်တာက ပရိသတ်တွေကို ထပ်ပြီး၊ ပြောလိုက်ပြန်ပါပြီ။ အသင်းရဲ့နူးကမ့်ကွင်းကိုပါ ဖြိုချဖို့ ဆုံးဖြတ်ထားတဲ့ အစီအစဉ်တခုနဲ့ မဲဆွယ်လိုက်တာဖြစ်ပြီး၊ ဘာစီလိုနာပရိသတ်တွေအတွက် ကောင်းမှာလား၊ ဆိုးမှာလား ဝေခွဲရခက်တဲ့အနေအထားတွေပြန်ဖြစ်လာပါတယ်။

လာပေါ်တာက ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဥက္ကဌဖြစ်တာနဲ့ ဘယ်လာရင်ကိုဦးစားပေးခေါ်မယ်၊ အကယ်ဒမီရဲ့ ဆောင်ပုဒ်ကို လီဗာပူးရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ” You will never walk alone” ဆိုတာပေးမယ်လို့ ကြေညာထားပြီးသားပါ။ ဒီအသံတွေထွက်လာလို့ ပရိသတ်တွေက လာပေါ်တာကို မရွေးဖို့ တိုက်တွန်းနေချိန်မှာပဲ အခုလို ထပ်ဆိုလာပြန်ပါတယ်။

” အကယ်လို့ ကျွန်တော်တို့ ရွေးကောက်ပွဲကိုနိုင်တာနဲ့ ကျွန်တော်တို့ ကွင်းအသစ်ဆောက်ပါမယ်။ ကျွန်တော်တို့ဖက်က စဉ်းစားထားတာနှစ်မျိုးရှိပါတယ်။ ပထမတခုက နူးကမ့်ကွင်းကြီးကို ဖြိုချမယ်။ အဲဒီနေရာမှာပဲ အသစ်ဆောက်မယ်။ မောင်ဂျူ့ရစ်မှာ သုံးနှစ်လောက်ကြာအောင်ကစားမယ်။ နောက်ထပ် စဉ်းစားထားတာက တမျိုးပါ”

” နောက်တမျိုးကတော့ အသင်းရဲ့အရန်ကွင်း ထရိန်နင်မြေပြင် ဆန်ဂျိုအန် ဒက်စပီမှာဆောက်မယ်။ ဒီဆုံးဖြတ်ချက်တွေကို ဇန်နဝါရီ ၂၄ ရက်နေ့မှာ ကျွန်တော်တို့ ရွေးကောက်ခံရတာနဲ့ မဲခွဲပြီး လုပ်သင့်မလုပ်သင့်အဆုံးအဖြတ်ခံယူသွားမယ်။ အကယ်လို့ ကျွန်တော်တို့ ကွင်းသစ်မြန်မြန်ဆောက်နိုင်မယ်ဆိုရင် ပေါင်သန်း (၉၀၀)ထက်ပိုမကုန်ဘဲ ကျွန်တော်တို့ရဲ့ကွင်းသစ်ကြီးကိုဆောက်နိုင်မယ်။”

” ဒီပိုက်ဆံတွေကို ဘယ်ကရမလဲဆိုတော့ ကလပ်နာမည်ကို နှစ်ပေါင်း ၂၅ နှစ်ကြာအောင်ရောင်းထားတဲ့ ဘဏ္ဍာရေးကနေ ကျွန်တော်တို့ဆောက်မှာဖြစ်ပါတယ်’ လို့ ဘာစီလိုနာဥက္ကဌလောင်းက ပြောကြားခဲ့ပါတယ်။ လာပေါ်တာရဲ့အစီအမံတွေကတော့ ဘာစီလိုနာပရိသတ်တွေကို မျက်ခုံခပ်လှုပ်လှုပ်ပဲဖြစ်ပြီး၊ အကုန်လုံးကိုလုပ်မယ်ကိုင်မယ်ကို ကတိတွေပေးနေတော့တာပဲဖြစ်ပါတယ်။

AZ-SportsGabar