၀က်စ်ဘရွန်းကို တန်းတင်ကျန်အောင်လုပ်ပေးရင် ဘောနပ်စ်ထပ်ရမယ့် ဆမ်အလာဒွိုက်စ်

မန်စီးတီးကို သရေကျတဲ့ပွဲအပြီးမှာ ဝက်စ်ဘရွန်းနည်းပြ ဘီလစ်ဟာ အထုတ်ပယ်ခံခဲ့ရပါတယ်။ (၁-၁)နဲ့ သရေတမှတ်ရအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ အထက်ပိုင်းတာဝန်ရှိသူတွေက ဝက်စ်ဘရွန်းကို တန်းတင်ကျန်အောင် မစွမ်းဆောင်နိုင်ဘူးလို့ ယုံကြည်အပြီးမှာ ချက်ချင်းပဲထုတ်ပယ်ခဲ့ပါတယ်။ ထုတ်ပယ်ပြီးတဲ့နောက်မှာ ပရီးမီးယားလိဂ် ဝါရင့်အတွေ့အကြုံရှိနည်းပြဟောင်း ဆမ်အလာဒွိုက်စ်ကို ခန့်အပ်ခဲ့ပါတယ်။

(၁၃)ပွဲကစား၊ (၇)မှတ်၊ အဆင့် (၁၉)မှာ ရပ်တည်နေတဲ့ အသင်းတသင်းကို ကိုင်တွယ်ရတာ သိပ်မလွယ်ပါဘူး။ ဒါပေမဲ့ ဒီအလုပ်ကို လက်ခံလိုက်တဲ့အတွက် ဆမ်အလာဒွိုက်စ်ဖက်မှာလည်း ရင်းထားတာတွေပြန်ရှိနေခဲ့ပါတယ်။ ပထမအချက်အနေနဲ့ ဆမ်အလာဒွိုက်စ်ဟာ ပရီးမီးယားလိဂ်အောက်အသင်းတွေကို ဘယ်လောက်ပဲ ကိုင်ခဲ့ကိုင်ခဲ့ တန်းမဆင်းဖူးပါဘူး။

သူကိုင်ခဲ့တဲ့အသင်းတွေဟာ ရာသီကုန်ရင်အသင်းမှာ အနည်းဆုံးတန်းတင်ကျန်ခဲ့ပြီး၊ သူ့သမိုင်းတလျှောက်မှာလည်း တန်းမဆင်းဖူးပါဘူး။ ဒီအတွက် ဝက်စ်ဘရွန်းကို လက်ခံလိုက်ချိန်မှာ သူ့ဘက်က ဒုတိယအချက်အနေနဲ့ ပြန်တောင်းဆိုခဲ့ပါတယ်။ တန်းတင်အောင်လုပ်ပေးနိုင်ရင် ရမယ့် ဘောနပ်စ်ပါ။ စာချုပ်ထဲမှာ တန်းတင်ကျန်ခဲ့ရင် ဘောနပ်စ်အဖြစ် ပေါင် (၂)သန်းရမယ်လို့သိရပါတယ်။

စာချုပ်ချုပ်ခဲ့တဲ့ ပုံစံက ယာယီနည်းပြသဘောဆန်ပြီး၊ လက်ကျန် (၂၅)ပွဲကို တာဝန်ယူရပါမယ်။ တန်းတင်အောင် ဆောက်ရွက်ပေးရပါမယ်။ အကယ်လို့ ပြောခဲ့တဲ့အတိုင်း လုပ်ပေးနိုင်ခဲ့ရင် ဘောနပ်စ်ပေါင် (၂)သန်းပေးမယ့်အပြင် နောက်ထပ်တနှစ်ထပ်ချုပ်ခွင့်ကိုလည်းပေးမှာဖြစ်ပါတယ်။ ဒီအချက်ကတော့ နှစ်ဖက်လုံးက သဘောကျရင် ဆက်လက်တွဲဖို့အတွက် ပေးမှာလို့ သိရပါတယ်။

ဆမ်အလာဒွိုက်က သူအလုပ်ကိုလက်ခံချိန်မှာ မိသားစုနဲ့ ဒူဘိုင်းကို အပန်းဖြေဖို့ရောက်နေချိန်မှာ အခုလိုမက်လောက်စရာ ဘောနပ်စ်တွေနဲ့ လာကမ်းလှမ်းခဲ့တာလို့ ဒေးလီးမေးသတင်းဌာနက ဖော်ပြထားပါတယ်။ အသက် (၆၆)နှစ်ရွယ် ဝါရင့်နည်းပြတယောက် အခုလို ပရီးမီးယားလိဂ်တိုက်ပွဲကို ဝင်လာချိန်မှာတော့ သူ့ရဲ့တန်းတင်ကျန် စကေးလ်တွေကို ထပ်ထုတ်ပြဖို့ရှိနေပြီး ပရီးမီးယားလိဂ်ဟာ ပိုကြည့်ကောင်းလာတော့မှာဖြစ်ပါတယ်။

AZ-SportsGabar