ဘာစီလိုနာနည်းပြရာထူးနဲ့အသင့်တော်ဆုံးသူပဲဆိုတာကို လုံးဝလန်းတဲ့ တီကီတာကာဂိုးနဲ့ပရိသတ်ကို မိတ်ဆက်ပေးလိုက်တဲ့ ဇာဗီ

တချိန်က ဘာစီလိုနာရဲ့ ကွင်းလယ်ဗိုလ်ချုပ်ဖြစ်ခဲ့တဲ့ ဇာဗီဟာ လက်ရှိမှာ ကာတာကလပ် အယ်ဆတ်ကို တာဝန်ယူနေပါတယ်။ အသင်းကိုအောင်မြင်မှုတွေဆီကို ဆွဲတင်နေနိုင်တဲ့အပြင် သူတာဝန်ယူချိန်ကစလို့ နာမည်ကျော်ကစားဟန် တီကီတာကို အသက်သွင်းခဲ့ပါတယ်။ ဒီကစားကွက်က ဘာစီလိုနာမှာကတည်းက ဇာဗီအောင်မြင်ခဲ့တဲ့ ကစားကွက်ပါ။

အသင်းဖော်တွေနဲ့အတူ နားလည်မှုအပြည့်ရှိမှ တည်လို့ရတဲ့ ဒီကစားကွက်မျိုးကို ဘာစီလိုနာအသင်းက အောင်အောင်မြင်မြင်တည်ဆောက်ပြခဲ့ပေမဲ့ လက်ရှိမှာတော့ အဲဒီလိုမဟုတ်တော့ပါဘူး။ တီကီတာကာ မျိုးဆက်တွေလည်း ဘာစီလိုနာမှာ ပြတ်တောက်သွားပြီဖြစ်တဲ့အတွက် ပြန်မြင်ချင်ရင်တော့ ဇာဗီလိုကစားသမားမျိုးက နည်းပြမှပဲဖြစ်မှာပါ။

ဒီအချိန်မှာ ဇာဗီက အယ်ဆတ်နဲ့အတူ တည်ဆောက်ပြထားပါတယ်။ အယ်ဂါရာဖာကို (၄-၁)နဲ့အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ဇာဗီဟာ ပရိသတ်တွေ မမြင်တာကြာနေပြီဖြစ်တဲ့ တီကီတာကာကို ရှိတဲ့ကစားသမားတွေနဲ့ တည်ဆောက်ပြထားခဲ့ပါတယ်။ ဂိုးစည်းကနေ စတည်လိုက်တဲ့ ဘောလုံးဟာ တောက်လျှောက်ဆိုသလို မနားတမ်း ဘောလုံးထွက်သွားခဲ့ပြီး၊ ဂိုးအဖြစ်ပြောင်းလဲခဲ့ပါတယ်။

အထူးသဖြင့် တိုက်စစ်ပိုင်းချိတ်ဆက်တဲ့ပုံမှာ လူကျွံဘောဖြစ်တော့မယ့် အနေအထားကနေ လူကျွံဘောမဖြစ်အောင် ပြန်ဝင်ပြန်ထွက်သွားတဲ့ ကစားဟန်တွေက အယ်ဆတ်ရဲ့ အဆင့်အတန်းတခုကို မြင်ခဲ့ရပါတယ်။ တဖက်အသင်းရဲ့နောက်တန်းတွေ ရှေ့ကို ကျွံထွက်လာဖို့နဲ့ တောင်ပံမှာ နေရာလွတ်ရဖို့ အချိတ်အဆက်မိမိ ကစားသွားတာဟာ အတော်လေးကိုအဆင့်မြင်ခဲ့တာပါ။

ဒီလိုကစားခဲ့တဲ့ ကစားကွက်ကို မြင်လိုက်ရချိန်မှာတော့ ဘာစီလိုနာပရိသတ်တွေဟာ ဇာဗီကိုပြန်မြင်ချင်နေကြပါတယ်။ အထူးသဖြင့် အသင်းရဲ့တီကီတာကာဟန်ကို ပြန်မြင်လိုတဲ့ပရိသတ်တွေက ရော်နယ်ကိုးမန်းနေရာမှာ ဇာဗီကိုမြင်တွေ့လိုနေပြီး၊ ဇာဗီကလည်း သူပဲအသင့်တော်ဆုံးဆိုတာကိုပြသထားခဲ့ပါတယ်။ လုံးဝလန်းလွန်းတဲ့ တီကီတာကာဂိုးကို အောက်မှာကြည့်ရှုနိုင်ပါတယ်။

AZ-SportsGabar