ဝုဗ်ကို (၂-၁)နဲ့ရှုံးနိမ့်သွားပြီးတဲ့နောက် ရှုံးနိမ့်ခဲ့တဲ့အကြောင်းရင်းကို ရှင်းပြလိုက်တဲ့ လမ်းပတ်

ပတ်ဒရို နီတိုရဲ့ (၉၅)မိနစ်သွင်းဂိုးဝင်အပြီးမှာ လမ်းပတ်ရဲ့ချဲလ်ဆီးဟာ သရေကနေ အရှုံးဖြစ်သွားခဲ့ပါတယ်။ (၁-၁)သရေရလဒ်ကို မထိန်းနိုင်ဘဲ (၂-၁)ဖြစ်သွားအပြီးမှာ လမ်းပတ်အနေနဲ့ အဲဗာတန်ကိုရှုံး၊ ဝုဗ်ကိုရှုံးနဲ့ အမှတ်ပေးဇယားထိပ်ကို တက်လှမ်းခွင့်ဆုံးရှုံးခဲ့ပါတယ်။

နှစ်ပွဲဆက်ရှုံးသွားချိန်မှာတော့ လမ်းပတ်ရဲ့ချဲလ်ဆီးအနေနဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်လာရပါတယ်။ တိုက်စစ်ပိုင်းမှာ ဂိုးမသွင်းနိုင်လို့ဝေဖန်သံတွေထွက်နေပြီး၊ လမ်းပတ်အနေနဲ့ ဒီတိုင်းဆက်သွားရင်လိုအပ်ချက်တွေများနေတယ်လို့ ထောက်ပြမှုတွေရှိလာပါတယ်။ ဒါပေမဲ့လမ်းပတ်ကတော့ ဝုဗ်ကိုရှုံးရတာဟာ တိုက်စစ်ကြောင့်မဟုတ်ဘဲ ဘာကြောင့်ဆိုတာကို ပွဲအပြီးမှာ အခုလို အခုလိုဖွင့်ဟခဲ့ပါတယ်။

” အသင်းသားတွေအနေနဲ့ နည်းနည်းလေး ပွဲပန်းနေတာဖြစ်နိုင်ပါတယ်။ ရှုံးပွဲတပွဲအပြီးမှာ အခုလိုမျိုးပြောရတာကို ကျွန်တော်မုန်းပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ဆင်ခြေပေးသလိုမျိုးပဲခံစားရတယ်။ ဒါပေမဲ့ ပထမပိုင်းမိနစ် (၆၀)လောက်မှာ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းတသင်းဖြစ်နေခဲ့တာလေ။ ကျွန်တော်တို့ပွဲပြီးတဲ့အထိ မထိန်းထားနိုင်ခဲ့ဘူး”

” ကျွန်တော်တို့ အဲဗာတန်တန် ကွင်းကို သွားကန်ခဲ့ရတယ်။ ပြန်လာတယ်။ ပြီးတော့ ဝုဗ်ကွင်းကို တခါခရီးသွားရတယ်။ ဒါပေမဲ့ သွားနေတဲ့ လူတွေကတော့ ဒီလူတွေပဲ။ ကျွန်တော်တို့ရဲ့နေရာတော်တော်များများမှာ ဒဏ်ရာတွေရှိနေတယ်။ ဆိုလိုတာက ကျွန်တော့်မှာ လူစားလဲဖို့ ကစားသမားများများစားစားမရှိဘူး။ ဒါကြောင့် ကျွန်တော့်နားလည်တာက အဲဒီရဲ့အကျိုးဆက်တွေပဲထင်တယ်။’ လို့ဆိုခဲ့ပါတယ်။

တကယ်လည်းလမ်းပတ်ရဲ့အသင်းက ဒီဇင်ဘာ (၁၅)ရက်ပဲရှိသေးပေမဲ့ ဒီဇင်ဘာလထဲမှာကို (၅)ပွဲကစားခဲ့ပြီးပြီဖြစ်ပါတယ်။ သုံးရက်တပွဲနှုန်းကစားနေရတဲ့အပြင် စနေပွဲပြီးချိန်မှာ အင်္ဂါနေ့ အဝေးကွင်းလိုမျိုး နှစ်ပွဲဆက်သွားကန်ခဲ့ရတာက အသင်းကို ပွဲပန်းစေခဲ့တာလို့ လမ်းပတ်က ဖြေရှင်းခဲ့တာဖြစ်ပါတယ်။ ရှုံးပွဲအပြီးမှာတော့အမှတ်ပေးဇယားရဲ့အဆင့်(၅)မှာ (၂၂)မှတ်နဲ့ ရပ်တည်နေပါတယ်။

AZ-SportsGabar