ဒဏ်ရာရတွေများနေချိန်မှာ တိုက်စစ်ကတယောက် ဒဏ်ရာထပ်ရသွားတဲ့ လီဗာပူး

တောက်လျှောက်ဆိုသလို ဒဏ်ရာရနေတဲ့ လီဗာပူးအသင်းကစားသမားတွေဟာ ပွဲဆက်နေတဲ့အနေအထားတွေကြောင့် ဒဏ်ရာမပျောက်ကင်းနိုင်ဖြစ်နေပါတယ်။ ကြားထဲမှာလည်း လူငယ်တွေကို ဆက်တိုက်သုံးနေရပြီး၊ ဒဏ်ရာပြဿနာတွေကို အမီကုစားဖို့ကြိုးပမ်းနေပေမဲ့ နောက်ဆုံးထွက်လာတဲ့ သတင်းတခုကြောင့် ဒဏ်ရာရကစားသမား ထပ်တိုးဦးဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ မစ်ဂျဲလန်းနဲ့ လီဗာပူးတို့ကစားခဲ့တဲ့ပွဲစဉ်မှာ ကလော့ပ်ရဲ့တိုက်စစ်ကစားသမား ဒီယေဂိုဂျိုတာဟာ ဒူးဒဏ်ရာရသွားခဲ့ပါတယ်။ အသေးစား ပုံစံမျိုးဖြစ်တာကြောင့် ဒီတပတ်ဖူလ်ဟမ်ကို ရင်ဆိုင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂျိုတာပါမယ်လို့ပဲ ကလော့ပ်က ဖြေကြားထားခဲ့ပြီး၊ သူ့ကစားသမားနဲ့ပတ်သက်လို့ ယုံကြည်ချက်အပြည့်ရှိခဲ့ပါတယ်။

ဒါပေမဲ့ ပေါ်တူဂီသတင်းဌာ Record ကနေပြီး၊ လီဗာပူးတိုက်စစ်ကစားသမား ပေါ်တူဂီလက်ရွေးစင် ဒီယေဂိုဂျိုတာဟာ နှစ်လခန့်နားရတော့မယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ ဂျိုတာရဲ့ဒဏ်ရာက မပြင်းထန်ဘူးထင်ရပေမဲ့ အနားယူဖို့ လုံလောက်တဲ့အချိန်တခုအထိ လိုသွားခဲ့ပြီဖြစ်ပြီး၊ လီဗာပူးပွဲစဉ် (၁၃)ပွဲလောက်အထိ လွဲချော်တော့မယ်လို့ ဖော်ပြခဲ့ပါတယ်။

ဂျိုတာသာ အခုလိုအနားယူခဲ့ရရင်တော့ လီဗာပူးတိုက်စစ်ဟာ ဆားလား၊ မာနေး၊ ဖာမီနိုသုံးဦးနဲ့ပဲ စခန်းသွားရတော့ဖို့ရှိနေပါတယ်။ ခရစ္စမတ်ကာလကို ရောက်လာတဲ့အပြင် ပွဲကြပ်တွေ ဆက်တိုက်ကစားရတော့မယ့်အချိန်မှာမှ ဂျိုတာအခုလို အနားယူရဖို့ဖြစ်လာတာက လီဗာပူးအတွက် ကံဆိုးမှုတွေထပ်ဝင်လာခဲ့တယ်ဆိုရမှာပါ။

ဒီယေဂိုဂျိုတာအနေနဲ့ လီဗာပူးအတွက် (၁၇)ပွဲပဲ ကစားရသေးပေမဲ့ ၉ ဂိုးအထိအကျိုးပြုထားသူပါ။ အခုလိုမျိုးတိုက်စစ်ပိုင်းက အကောင်းဆုံးအကျိုးပြုနေတဲ့ ကစားသမားတယောက် ဒဏ်ရာရသွားတာက ကလော့ပ်အတွက်တော့ ထိုးနှက်ချက်ပါပဲ။ လီဗာပူးအနေနဲ့ မကြာခင်မှာ ဖူလ်ဟမ်ကို ရင်ဆိုင်ရတော့မယ်အပေါ် တိုက်စစ်ပိုင်း လူပိုမရှိတာက တော်တော်လေး လုပ်ရကိုင်ရကြပ်လာဖို့ရှိနေပါတယ်။

AZ-SportsGabar