ရာစုနှစ်ရဲ့အကောင်းဆုံးကစားသမားဆုရဖို့ ရေပန်းစားနေတဲ့ မိုဆာလား

လီဗာပူးအသင်းရဲ့တိုက်စစ်မှူး မိုဟာမက်ဆာလားတယောက် ရာစုနှစ်ရဲ့အကောင်းဆုံး ကစားသမားဆု ဆန်ခါတင်စာရင်းအတွက်ပါလာခဲ့ပါတယ်။ အံ့အားသင့်စရာကောင်းခဲ့ပေမဲ့ ဆုပေးရွေးချုယ်ခဲ့တဲ့ အဖွဲ့အစည်းက ပရိသတ်တွေနဲ့ နည်းနည်းလေး စိမ်းနေမယ့်အနေအထားပါ။ စပိန်သတင်းစာ မာကာနဲ့ ဒူဘိုင်းရေနံသူဌေးတွေပေါင်းပေးတဲ့ the Dubai Globe Soccer Awards (ဒူဘိုင်းကမ္ဘာ့ဘောလုံးဆု)ကဖြစ်ပါတယ်။

ရွေးခဲ့တဲ့ပုံစံက ကနဦးအစမှာ မဲအရေအတွက် ရှစ်သန်းလောက်နဲ့ စတင်ဆုံးဖြတ်တာပါ။ အဲဒီကနေမှ တဖြည်းဖြည်းနဲ့ မဲအများဆုံးရတဲ့ ကစားသမားတွေကို စစ်ထုတ်လာပြီး၊ နောက်ဆုံးမှာ သူတို့ပေးမယ့် ခေါင်းစဉ်တွေအလိုက် ပြန်စီပါတယ်။။ ဆုခုနှစ်မျိုးရွေးချယ်ပေးမှာဖြစ်ပြီး၊ လျာထားတဲ့ဆုတွေက အခုလိုဖြစ်ပါတယ်။ တနှစ်တာအကောင်းဆုံး ကစားသမားဆု။

နှစ်တနှစ်အတွက် အေကာင်းဆုံးနည်းပြဆု၊ နှစ်တနှစ်အတွက် အကောင်းဆုံး ကလပ်ဆု၊ ရာစုနှစ်အတွက် အကောင်းဆုံးကလပ်ဆု၊ ရာစုနှစ်ရဲ့အကောင်းဆုံး နည်းပြဆု၊ ရာစုနှစ်ရဲ့အကောင်းဆုံး ကစားသမားဆု၊ ရာစုနှစ်ရဲ့အကောင်းဆုံး အေ့ဂျင့်ဆုတို့ပါ။ အဆိုပါဆုတွေကို ရွေးချယ်ပေးချိန်မှာ ရာစုနှစ်ရဲ့အကောင်းဆုံးကစားသမားဆုအတွက် လေးဦးဆန်ခါတင်လာပါတယ်။

ဆာလား၊ စီရော်နယ်ဒို၊ မက်ဆီနဲ့ ရော်နယ်ဒင်ဟိုတို့ပါ။ လေးဦးထဲမှာ ဆာလားကဦးဆောင်နေပြီး၊ မဲအရေအတွက် ၅၄ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပါတယ်။ (၂၁)ရာစုအတွက် အကောင်းဆုံးကိုပေးတာဖြစ်တဲ့အတွက် (၂၀၀၁)ကနေ (၂၀၂၀)အတွင်း ပရိသတ်အများစုက ဆာလားကအကောင်းဆုံးလို့ ထင်နေကြတာဖြစ်ပါတယ်။

ရော်နယ်ဒိုက (၂၇)ရာခိုင်နှုန်း၊ မက်ဆီက (၁၄)ရာခိုင်နှုန်းနဲ့ ရော်နယ်ဒင်ဟို (၅)ရာခိုင်နှုန်း အသီးသီးရှိနေပါတယ်။ ဆာလားက ဒီသုံးယောက်ကို ကျော်ဖြတ်မဲရထားတာက လီဗာပူးနဲ့ အီဂျစ်ပရိသတ်တွေကြောင့်ဆိုတာမမှားပါဘူး။ လီဗာပူးအတွက် (၁၆၉)ပွဲမှာ (၁၀၅)ဂိုးအထိရှိထားတဲ့ စွမ်းဆောင်ရည်က အထင်ကြီးလောက်စရာဖြစ်ပေမဲ့ ရာစုနှစ်ရဲ့အကောင်းဆုံးဆုရှင်ဆိုတာကတော့ ြပောဖို့စောသေးတာအမှန်ပါ။

ကျန်တဲ့ ဆန်ခါတင်တွေတော့ ရာစုနှစ်အကောင်းဆုံးနည်းပြဆုအတွက် ဖာဂူဆန်၊ မော်ရင်ဟို၊ ဂွါဒီယိုလာ၊ ဇီဒန်း၊ ရာစုနှစ်ရဲ့အကောင်းဆုံးကလပ်ဆုအတွက် အယ်အာလီ၊ ဘိုင်ယန်၊ ဘာစီ၊ ရီးရဲလ်၊ (၂၀၂၀)အကောင်းဆုံးဆုအတွက် ရော်နယ်ဒို၊ မက်ဆီ၊ လီဝမ်ဒေါစကီး၊ (၂၀၂၀)အကောင်းဆုံးကလပ်အတွက် ဘိုင်ယန်၊ လီဗာပူး၊ ရီးရဲလ်၊

(၂၀၂၀)အကောင်းဆုံး နည်းပြဆုအတွက် ဂတ်စပါရီနီ (အတ္တလန်တာ)၊ ဟန်စီဖလစ်ခ် (ဘိုင်ယန်)၊ ကလော့ (လီဗာပူး)၊ ရာစုနှစ်ရဲ့အကောင်းဆုံး အေ့ဂျင့်အဖြစ် ဘရန်ချီနီ၊ ဂျော့မန်ဒက်၊ ရွိုင်အိုလာတို့ဖြစ်ပါတယ်။ ဆန်ခါတင်ထားတဲ့အနေအထားတွေကတော့ စိတ်ဝင်စားစရာလို့ ဆိုရမှာပါပဲ။

AZ-SportsGabar