(၁၆)နှစ်တည်းနဲ့ ဒေါ့မွန်မှာပွဲထွက်ခဲ့ပြီးနောက် ကမ္ဘာကိုမိတ်ဆက်လိုက်တဲ့ ကစားသမားလေး

ဒေါ့မွန်အသင်းရဲ့ကစားသမားလေး ယူဆိုဖာ မော်ကိုကိုတယောက် ဒေါ့မွန်က ဇင်းနစ်ကို (၁-၂)နဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ချန်ပီယံလိဂ်သမိုင်းတလျှောက် အသက်အငယ်ဆုံး ပွဲထွက်ကစားသမားဖြစ်လာခဲ့ပါတယ်။ အသင်းကလည်း (၁၃)မှတ်နဲ့ အုပ်စုဗိုလ်ဖြစ်ပြီး၊ (၁၆)သင်းအဆင့်ကို တက်နိုင်ခဲ့တဲ့အတွက် မှတ်မှတ်ရရ စံချိန်သစ်ကို ရေးထိုးလာနိုင်ခဲ့ပါပြီ။

မော်ကိုကိုပွဲထွက်ချိန်မှာ အသက်က (၁၆)နှစ်နဲ့ (၁၈)ရက်ပဲ ရှိသေးသူပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာချိန်၊ တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြခဲ့တဲ့ မော်ကိုကိုဟာ ကမ္ဘာကို မကြာခင်ထွန်းတောက်လာတော့မယ့် ကစားသမားအဖြစ်မိတ်ဆက်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဇင်းနစ်ရဲ့ဦးဆောင်ဂိုးနဲ့ နောက်ကလိုက်ကစားနေခဲ့တဲ့ ဒေါ့မွန်အသင်း (၅၈)မိနစ်မှာ မော်ကိုကို ကိုထည့်လိုက်ပါတယ်။

တိုက်စစ်လမ်းကြောင်းတွေပွင့်သွားပြီး၊ ပစ်ဇက် ၊ ဝစ်စတယ်တို့ရဲ့ ဂိုးတွေနဲ့အတူပြန်ဦးဆောင်လာနိုင်ခဲ့ကာ ပွဲအပြီးမှာတော့ အနိုင်ရလဒ်ကို ထိန်းသွားနိုင်ခဲ့ပါတယ်။ အနိုင်ကြောင့် (၁၃)မှတ်နဲ့ရှိလာချိန်မှာ ကလပ်ဘရုဂ်နဲ့ သရေကျသွားတဲ့ လာဇီယိုကြောင့် ဒေါ့မွန်တို့အုပ်စုဗှိုလ်နဲ့တက်သွားခဲ့ပြီး၊ မော်ကိုကိုပါဝင်လာမှုက ဘောလုံးကမ္ဘာကို အံ့အားသင့်စေခဲ့ပြီဖြစ်ပါတယ်။

ဒေါ့မွန်က မော်ကိုကိုနဲ့တင်မကသေးပါဘူး။ (၁၇)နှစ်သားလေး ဘယ်လင်ဂမ်ကိုလည်း ထည့်ကစားခဲ့ပါသေးတယ်။ လူငယ်တွေအားနဲ့တောက်လျှောက် ခြေစွမ်းပြလာတဲ့ ဒေါ့မွန်အနေနဲ့ လာမယ့် (၁၆)သင်းအဆင့်မှာ ပေါ်တို ဒါမှမဟုတ် ဆီဗီးလားနဲ့တွေ့ဆုံတော့မှာပါ။ အခုလို မော်ကိုကို စံချိန်အသစ်တင်လိုက်တာကြောင့်အရင် စံချိန်ရှင်ဟောင်းဖြစ်တဲ့ ဘာဘာရာရိုက ဒုတိယဖြစ်သွားပါပြီ။

ဘာဘာရာရိုကို ချန်ပီယံလိဂ်ရဲ့အသက်အငယ်ဆုံးကစားသမားဖြစ်လာစေဖို့ (၁၉၉၄)ခုနှစ်မှာ အန်ဒါလက်ချ်က (၁၆)နှစ်၊ (၈၇)ရက်နဲ့ ပွဲထုတ်ခဲ့ဖူးပါတယ်။ အခုချိန်မှာတော့ ဂျာမန်ကစားသမား မော်ကိုကိုက (၁၆)နှစ် (၁၈)ရက်နဲ့ ဦးဆောင်သွားခဲ့ပြီဖြစ်ပါတယ်။ မော်ကိုကိုဟာ (၁၆)နှစ် (၁)ရက်နဲ့ ဘွန်ဒက်လီဂါရဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းကမှ စံချိန်တင်ထားသူဖြစ်ပါတယ်။

AZ-SportsGabar