လိုဂန်ပေါလ်နဲ့ ထိုးသတ်ဖို့ အတည်ပြုပေးလိုက်တဲ့ မေဝဲလ်သာ

ဂျပန်နိုင်ငံသား တန်းရှင်းကို ကလေးနဲ့ လူကြီးထိုးသလို သရုပ်ပြပွဲကစားအပြီးမှာ မေဝဲလ်သာတယောက် အနားယူနေခဲ့ပါတယ်။ တပွဲတည်း ဒေါ်လာသန်းနဲ့ချီရပြီးသွားတဲ့နောက်မှာ ချန်ပီယံပွဲတွေ၊ အမှတ်ပေးပွဲတွေထိုးတာထက် ပိုက်ဆံပိုရတာကို သိသွားတဲ့အတွက် နောက်ထပ်သရုပ်ပြပွဲတွေ လာဦးမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းခဲ့ပါတယ်။

ခန့်မှန်းထားတဲ့အတိုင်း တကယ်သတင်းထွက်လာခဲ့ပြီဖြစ်ပြီး၊ မေဝဲလ်သာကိုယ်တိုင် သူ့ရဲ့အင်စတာဂရမ်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသား Youtuber လိုဂန်ပေါလ်နဲ့ စူပါသရုပ်ပြပွဲအဖြစ် ထိုးသတ်မယ်လို့ သိရပါတယ်။ လာမယ့် (၂၀၂၁) ဖေဖော်ဝါရီလ၊ (၂၀)ရက်နေ့မှာ မီဂါဖိုက်အဖြစ် သရုပ်ပြပွဲထိုးသတ်မယ့်ပွဲစဉ်ကို ပေးပါဗျူးစနစ်နဲ့လို့ တခါတည်းကြေညာထားပါတယ်။

ဒီနှစ်ယောက်က အရင်ကတည်းက ပွဲဖြစ်မယ်လို့ ကောလာဟလတွေထွက်နေခဲ့တာပါ။ တွစ်တာမှာ မေဝဲလ်သာက ယူကျူဘာဖြစ်တဲ့ လိုဂန်ကို ဘာဘီအရုပ်လေးတွေနဲ့ ကစားနေတဲ့ ဒီလိုယူကျူဘာ ကောင်မလေးတွေဟာ တခြားပြိုင်ဘက်ကိုရှာသင့်ကြောင်း၊ သူဟာကလေးတွေ ကစားတဲ့ အရုပ်မလေးမဟုတ်ကြောင်း၊ ယူအက်ဖ်စီလိုနေရာက ဖိုက်တာတွေ ငါ့နာမည်ကိုခေါ်ရင် နောက်ထပ်မဟရဲအောင် ပါးစပ်ချုပ်စွပ်ပေးလိုက်မှာဖြစ်ကြောင်းနဲ့ လိုဂန်ပေါလ်လည်း အဲဒီလိုခံစားချင်ရင် နောက်တခေါက်ဂျပန်ကို သူ သွားအနိုင်မယူခင် စိန်ခေါ်လို့ရကြောင်း နိုဝင်ဘာလ (၁၉)ရက်နေ့က ရေးသားခဲ့ပါတယ်။

လိုဂန်ပေါလ်က တွစ်တာမှာ ပြန်ရှဲလ် (Tweet) လုပ်ခဲ့ပြီး၊ ပညာသားပါပါပဲ (၅၀-၁)လို့ရေးခဲ့ပါတယ်။ သဘောက အပြောကြီးနေတဲ့ မေဝဲလ်သာရဲ့ ပထမဆုံးရှုံးပွဲဟာ သူနဲ့ထိုးတဲ့အခါ ဖြစ်သွားလိမ့်မယ်လို့ပါ။ နိုဝင်ဘာတွစ်တာလေပွဲ ထိုးပြီးကြချိန်မှာ ဒီဇင်ဘာ (၇)ရက်နေ့အရောက် ပွဲဖြစ်ကြောင်း ချက်ချင်းသတင်းထွက်လာပြီး၊ မေဝဲလ်သာက လာမယ့် ဖေဖော်ဝါရီမှာ သရုပ်ပြပွဲဖြစ်ပြီလို့ ကြေညာပေးလိုက်ပါတယ်။

ပွဲ (၅၀)ရှုံးပွဲမရှိသေးတဲ့ မေဝဲလ်သာ၊ သရုပ်ပြပွဲထပ်လက်ခံလိုက်တာက ငွေကြောင့်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ လိုဂန်ပေါလ်ကလည်း ဘောက်ဆင်ကစားသူဖြစ်တဲ့အတွက် ဒီလိုပွဲမျိုးလုပ်တာဟာ ပရိသတ်တောင့်တဲ့နှစ်ယောက်၊ အချင်းချင်းပရိသတ်ဖလှယ်ပွဲဖြစ်လာဖို့ပဲရှိနေပါတယ်။ ပေါလ်အနေနဲ့ နောက်ဆုံးထိုးထားတဲ့ပွဲမှာလည်း ပြိုင်ဘက် ယူကျူဘာ ကစားသမား KSI ကို ရှုံးနိမ့်ထားပါတယ်။

AZ-SportsGabar