ဟာဇက် တမိနစ်ကစားတိုင်း မြန်မာငွေသိန်း(၁၁၀၀)ကျော်ပေးနေရတဲ့ ရီးရဲလ်

ဘယ်လ်ဂျီယမ်သား ဟာဇက်တယောက် တနှစ်ခွဲအတွင်းမှာပဲ ရီးရဲလ်အတွက် ဒဏ်ရာရှစ်ခုရခဲ့ပါတယ်။ ယူရိုသန်း (၁၀၀)ကျော်လောက်သုံးပြီး၊ ရီးရဲလ်အတွက် ကုန်ကျစရိတ်များခဲ့တဲ့ဟာဇက်ဟာ (၂၈)ပွဲကစား၊ (၃)ဂိုးသွင်းစွမ်းဆောင်ရည်နဲ့ ချဲလ်ဆီးဟာဇက်နဲ့ လားလားမျှမဆိုင်ဖြစ်ခဲ့ပါတယ်။ ဒီအနေအထားက ရီးရဲလ်အတွက် မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ပါဘူး။

(၂၀၁၉)မှာ ဟာဇက်ကိုခေါ်တုန်းက ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း (၁၀၀)အထိပေးချေခဲ့ရပါတယ်။ ကစားသမားက စွမ်းဆောင်ရည်မကောင်းခဲ့တဲ့အတွက် အပိုထပ်ဆောင်းကြေးတွေမပေးခဲ့ရပေမဲ့ တခြားမဖော်ပြထားတဲ့ ပမာဏတွေနဲ့ဆိုရင် ယူရိုသန်း (၁၀၀)အထက်ကိုရောက်ခဲ့တာပါ။ ရီးရဲလ်မှာ (၁)နှစ်ခွဲရှိလာချိန်မှာတော့ ဟာဇက်ရဲ့ ပွဲထွက်က (၂၈)ပွဲရှိလာပါတယ်။

ဒါပေမဲ့ ကစားထားတဲ့ မိနစ်စုစုပေါင်းက (၁၈၆၀) မိနစ်ပဲရှိပြီး၊ အခုတခေါက်မှာလည်း သုံးပတ်လောက် နားရမယ့် ဒဏ်ရာရသွားခဲ့ပြန်ပါတယ်။ ပြောင်းရွှေ့ကြေးက ယူရိုသန်း (၁၀၀)၊ တလကို လစာက ယူရို (၂)သန်း၊ ရီးရဲလ်မှာ တနှစ်ခွဲရှိတဲ့အတွက် ယူရို (၃၆)သန်း၊ စုစုပေါင်း ယူရို (၁၃၆)သန်းသုံးထားတဲ့လစာပမာဏမှာ ဟာဇက် ကစားထားတာက (၁၈၆၀)မိနစ်ဖြစ်ပါတယ်။

ဧပြီလမှာတုန်းက လစာ (၁၀)ရာခိုင်နှုန်းလျှော့တဲ့ ကိစ္စတွေကြောင့် ဟာဇက်ဆီကရီးရဲလ်ပြန်ရတာက ယူရို (၁.၆)သန်း၊ နှုတ်လိုက်ရင် (၁၃၄.၄)သန်းအထိဟာဇက်အတွက် ရီးရဲလ်ဟာသုံးထားပါပြီ။ မိနစ်နဲ့ပျှမ်းမျှစားလိုက်ရင် ဟာဇက်တမိနစ်ကစားတိုင်း ယူရို (၇၂၀၀၀)၊ မြန်မာငွေနဲ့ဆိုရင် သိန်း (၁၁၀၀)ကျော်လို့ AS သတင်းဌာနက တင်ပြခဲ့ပါတယ်။

ဒါတင်မကေသေးပါဘူး။ ကိုဗစ်ကာလမှာ ပရိသတ်ဝင်ငွေလုံးဝမရှိဘဲ ဘောလုံးပွဲကစားနေရတဲ့ ရီးရဲလ်ဟာ ဟာဇက်တပွဲကစားတိုင်း ယူရို (၄.၈)သန်း၊ တဂိုးသွင်းတိုင်း ယူရို(၄၄.၈)သန်းနဲ့ မိနစ် (၉၀)အပြည့်ပါဝင်ကစားတိုင်း တပွဲကို ယူရို (၁၉.၂)သန်းစီပေးချေထားရပါတယ်။ ဂိုးဖန်တီးမှု (၇)ကြိမ်ရှိပေမဲ့ ချဲလ်ဆီးက စွမ်းဆောင်ရည်နဲ့ယှဉ်ရင်တော့ အတော်လေးနည်းပါးနေဆဲပါပဲ။

AZ-SportsGabar