ဆွာရက်ကို ခေါ်ချိန်မှာ ဇယားနည်းနည်းရှုပ်ခဲ့လို့ စုံစမ်းခံနေရတဲ့ ဂျူဗင်တပ်အားကစားဒါရိုက်တာ

ဂျူဗင်တပ်အသင်းရဲ့ အားကစားဒါရိုက်တာကို လက်ရှိအချိန်မှာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ လက်ရှိအက်သလက်တီကို တိုက်စစ်မှူး လူးဝစ်ဆွာရက်ကို နိုင်ငံသားရွှေ့ပြောင်းခွင့်လုပ်ပေးဖို့ ကြိုးပမ်းခဲ့ချိန်မှာ မသမာမှုတွေ လုပ်ခဲ့တယ်လို့ သံသယရှိတာကြောင့်ဖြစ်ပါတယ်။ အချိန်ကာလက ပြီးခဲ့တဲ့ ဘာစီလိုနာနဲ့ အကွဲအပြဲဇာတ်လမ်းဖြစ်ချိန်မှာစပါတယ်။

ဆွာရက်တယောက် ဘာစီလိုနာကနေ ထွက်ဖို့ကြိုးစားချိန်မှာ ဂျူဗင်တပ်အသင်းက ခေါ်ဖို့ အသည်းအသန်ကြိုးပမ်းခဲ့ပါတယ်။ ဆွာရက်ရဲ့ မိန်းမဖြစ်သူက အီတလီလည်းဖြစ်တဲ့အတွက် ဆွာရက်ကို တခါတည်းနိုင်ငံသားခံယူဖို့ citizenship စာမေးပွဲဖြေဆိုဖို့ တိုက်တွန်းခဲ့ပြီး၊ ဂျူဗင်ကလည်း သူတို့ဆီရောက်လာဖို့ အသည်းအသန်ကြိုးပမ်းခဲ့ပါတယ်။

အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို ဖြေဆိုခဲ့ပြီးချိန်မှာ စပိန်မှာအသားကျနေတဲ့ ဆွာရက်အတွက် ဘာသာစကားက အခက်အခဲဖြစ်လာခဲ့ပါတယ်။ ဆွာရက်ကိုလိုချင်နေတဲ့ ဂျူဗင်တပ်ကလည်း အသင်းကိုရောက်လာဖို့ နည်းလမ်းစုံသုံးခဲ့ပြီး၊ နောက်ဆုံးမှာ စာမေးပွဲအောင်စေဖို့ ဇယားနည်နည်းရှုပ်လိုက်ပါတယ်။ ငွေပေးခဲ့တယ်လို့ ယူဆထားပြီး၊ အဖြေလွှာစစ်တဲ့တက္ကသိုလ်လေးခုလည်း လာဘ်ယူခဲ့တယ်လို့ သတင်းထွက်လာပါတယ်။

ဒီကိစ္စတွေကို စီစဉ်ခဲ့တာကတော့ ဂျူဗင်တပ်ရဲ့ အားကစားဒါရိုက်တာ ဖာဘီယို ပါရက်တီစီဖြစ်ပေမဲ့ ဂျူဗင်တပ်ကတော့ သူတို့ရဲ့အားကစားဒါရိုက်တာကို အပြည့်အ၀ ကာကွယ်ပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ တဆက်တည်းမှာလည်း ငြင်းချက်ထုတ်ထားပြီး၊ မစ္စတာ ပါရက်တီစီကို စုံစမ်းစစ်ဆေးနေတာတွေဟာ အားလုံးမှားယွင်းနေတယ်လို့ ဆိုထားပြန်ပါတယ်။

ဆွာရက်စာမေးပွဲဖြေခဲ့တဲ့ စက်တင်ဘာ (၁၇)ရက်နေ့မှာ တာဝန်ယူခဲ့ရတဲ့ Perugia နိုင်ငံခြားဘာသာတက္ကသိုလ်ကတော့ လက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်တွေအားလုံးကို ငြင်းပယ်ထားပြီး၊ မသမာမှုမရှိဘူးလို့ ဆိုထားပါတယ်။ ဒီအဖြစ်အပျက်တွေဖြစ်ခဲ့ပေမဲ့ ဆွာရက်တယောက်က ဂျူဗင်တပ်ကစားသမားဖြစ်မလာခဲ့ဘဲ စပိန်ကလပ်အေတီကိုဆီပဲ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အကယ်လို့ မသမာမှုတွေကို စုံစမ်းဖော်ထုတ်နိုင်တာနဲ့ ဂျူဗင်တပ်အားကစားဒါရိုက်တာအပါအဝင် ပတ်သက်သူတွေအနေနဲ့ ပြင်းပြင်းထန်ထန်အရေးယူခံရဖို့ရှိနေပါတယ်။

AZ-SportsGabar