ဒေါ်လာ(၂)သန်းထိ တန်ကြေးပေါက်ခဲ့တဲ့ ဘောလုံးဂျာစီလေးကို ပိုင်ရှင်က ဘာကြောင့်မရောင်းခဲ့တာလဲ

ဘောလုံးဂျာစီတထည်ကို ဒေါ်လာ (၂)သန်းလောက်အထိ တန်ကြေးပေါက်တယ်ဆိုတာက မယုံနိုင်လောက်စရာ ပမာဏပါ။ ဒါပေမဲ့ ရှေးဟောင်းပစ္စည်း၊ သမိုင်းဝင်ပစ္စည်းတွေကို စုဆောင်းတတ်တဲ့ သန်းကြွယ်သူဌေးတွေအတွက် ဒီပမာဏဟာ စာမဖွဲ့လောက်ပါဘူး။ အထူသဖြင့် ဘောလုံးသမိုင်းတခုလုံးမှာ အမှတ်တရရှိနေမယ့် ဂျာစီမျိုးဆိုရင် ပိုမဖွဲ့ပါဘူး။

ဒီဂျာစီလေးရဲ့ ပိုင်ရှင်က စတိဗ်ဟော့ချ်ပါ။ အင်္ဂလန်ရဲ့လက်ရွေးစင်တိုက်စစ်မှူးဟောင်းတဖြစ်လဲ စတိဗ်ဟောချ်က ဂျာစီကို (၁၉၈၆)ခုနှစ် ကမ္ဘာ့ဖလားပွဲစဉ်တခုမှာရခဲ့ပါတယ်။ အာဂျင်တီနား-အင်္ဂလန်ပွဲစဉ်မှာ ဘုရားပေးသောလက်ပိုင်ရှင်လို့တင်စားတဲ့ မာရာဒိုနာရဲ့ ဂျာစီကို ကစားသမားချင်းလဲပြီး၊ ပွဲအပြီးမှာ အမှတ်တရရယူခဲ့တာဖြစ်ပါတယ်။

သက်တမ်းအနေနဲ့ (၃၄)နှစ်၊ ကမ္ဘာ့ဘောလုံသမိုင်းမှာ လက်နဲ့ပုတ်ပြီးသွင်းတဲ့ဂိုးမှာ မာရာဒိုနာ ဂိုးသွင်းနေတဲ့ပုံမြင်တိုင်း ပါနေကြ ဂျာစီ၊ နံပါတ် (၁၀) ဘုရားပေးသောလက်ပိုင်ရှင်ဝတ်တဲ့ ဂျာစီဟာ ခမ်းနားလွန်းပါတယ်။ မာရာဒိုနာဝတ်ခဲ့တဲ့ ဂျာစီအစစ်ဖြစ်တဲ့အတွက် ဒီဂျာစီကို အမှတ်မထင်လဲခဲ့မိတဲ့ စတိဗ်ဟော့ချ်ဟာ ကာလတန်ဖိုး အတော်လေးများတဲ့ အင်္ကျီလေးတထည်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း မာရာဒိုနာတယောက် ရုတ်တရက်ကွယ်လွန်ခဲ့ချိန်၊ ပျောက်ကွယ်နေတဲ့ ဂျာစီလေးရဲ့သမိုင်းဟာ ပေါ်ထွက်လာပါတယ်။ ဒေါ်လာနှစ်သန်းအထိ ပေးဝယ်သူရှိလာပြီး၊ စတိဗ်ဟော့တယောက်ရောင်းတော့မယ်လို့ အင်္ဂလန်မီဒီယာတွေက ရေးသားခဲ့ပါတယ်။ ဒီသတင်းတွေ ထွက်လာချိန်မှာ ဘီဘီစီ ရေဒိယိုဖိုက် နော့တင်ဟမ် အစီအစဉ်က စတိဗ်ဟော့ကို ရောင်း၊ မရောင်းဆက်သွယ်အင်တာဗျူးခဲ့ပြီး၊ စတိဗ်ဟော့က အခုလိုဖြေကြားခဲ့ပါတယ်။

” ကျွန်တော့်မှာ အဲဒီဂျာစီရှိနေတာ ၃၄ နှစ်တောင်ရှိနေပါပြီ။ တခါမှ ရောင်းဖို့ မကြိုးစားခဲ့ဖူးဘူး၊ ဒီဂျာစီလေးရှိနေရတာကို ကြိုက်တာ၊ ဒီဂျာစီလေးမှာ အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးတွေရှိနေတယ်။ လူတွေက ကျွန်တော့်တံခါးကို အဆက်မပြတ်ခေါက်ကြတယ်။ တီဗီတိုင်းကနေ ဖုန်းတွေတောက်လျှောက်ခေါ်ကြတယ်။ ရေဒီယိုဌာနတွေရော၊ တခါတလေဆိုနိုင်ငံခြားတွေကလည်းဆက်တယ်။”

” အဲဒီဆက်နေကြတော့ အဆင်မပြေပါဘူး။ ကောင်းလည်းမကောင်းဘူး။ အင်တာနက်မှာဆိုလည်း ကျွန်တော် သတင်းတွေတွေ့တယ်။ ကျွန်တော်က နှစ်မီလီယမ်ရလို့ ရောင်းဖို့အတွက် ဆုံးဖြတ်လိုက်ပြီဆိုတာမျိုး၊ အဲဒီပမာဏကြောင်း ရောင်းတော့မယ်ဆိုတာမျိုး၊ တကယ်တမ်းမှာတော့ အဲဒါက လုံးဝလေးစားမှုမရှိတာနဲ့ သတင်းအမှားပါပဲ။ ဒီအင်္ကျီက လုံးဝရောင်းဖို့မဟုတ်ဘူး။ နှစ်သန်းပေးလည်းရောင်းဖို့မကြိုးစားဘူး’

AZ-SportsGabar