နံနက်ပိုင်းအားကစားသတင်းတိုများ (၄.၁၂.၂၀၂၀)

လီဗာပူးနည်းပြ ဂျာဂင်ကလော့ရဲ့ ပွဲအပြီး အားရပါးရဖက်တဲ့ပုံစံကို လာမယ့် ဖီဖာ (၂၁) ဘောလုံးဂိမ်းမှာ ထည့်သွင်းထားပြီလို့ သိရပါတယ်။ ပွဲအပြီးကလော့ဖက်တဲ့ ရုပ်သံပြကွက်ကို Post အနေနဲ့ ဝယ်ယူရမလား၊ ဒီအတိုင်းပါမလားတော့ မသိရသေးပါဘူး။

နေရှင်းလိဂ် ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် လေးသင်းထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ အီတလီ V စပိန် နဲ့ ဘယ်ဂျီယမ် V ပြင်သစ်တို့ ဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ပေါ်တူဂီတော့ ပါဝင်ခဲ့ခြင်းမရှိဘဲ နေရှင်းလိဂ်ချန်ပီယံ အသစ်ထွက်ပေါ်မယ့်အပေါ် လေးသင်းလုံး ရေးပန်းစားနေပါတယ်။

ဘာစီလိုနာအသင်းရဲ့ ကပ္ပတိန် မက်ဆီကို ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ အတိအလင်းချိတ်ဆက်နေပြီလို့ သိရပါတယ်။ အေ့ဂျင့်ရွိုင်းအိုလာကိုယ်တိုင် မက်ဆီ-ပီအက်စ်ဂျီ ပေါင်းစည်းခန်းကို ကိုင်တွယ်နေတာဖြစ်ပါတယ်။

စတီဗင်ဂျာရတ်ကိုင်တွယ်နေတဲ့ ရိန်းဂျားအသင်းကတော့ စတန်းဒက်လီဂီကို (၃-၂)နဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွက် အနိုင်ရအပြီးမှာ ထူးခြားစံချိန်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ (၂၀၂၀)ခုနှစ်အတွင်း ကစားခဲ့သမျှပွဲတိုင်း ရှုံးပွဲမရှိသေးဘဲ အနိုင်နဲ့ သရေရလဒ်တွေသာ ပိုင်ဆိုင်ထားခဲ့ပါတယ်။

ပရိသတ် (၂၀၀၀) ပြန်ဝင်ခွင့်ရတဲ့ ပထမဆုံးပွဲစဉ်မှာပဲ အာဆင်နယ်အသင်းဟာ (၄-၁)ရလဒ်နဲ့ ရက်ပစ် ဗီယင်နာကို ယူရိုပါလိဂ်မှာ အနိုင်ယူခဲ့ပါတယ်။ ပါဘလိုမာရီ ပထမဆုံးဒဏ်ရာက သက်သာလာချိန်မှာပဲ အသင်းအတွက် သွင်းဂိုးတဂိုးကို အရယူပေးနိုင်ခဲ့ကာ ပုံစံကောင်းကို ပြသထားခဲ့ပါတယ်။

စပါးအသင်းကတော့ သူတို့ရဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး၊ (၃-၃)သရေ ရလဒ်ကိုပိုင်ဆိုင်ခဲ့ပါတယ်။ ဘေးလ်၊ အလီတို့ ပင်နယ်တီကိုယ်စီနဲ့ ဂိုးတွေသွင်းခဲ့ကာ အုပ်စုတက်ဖို့ကြိုးပမ်းခဲ့ပေမဲ့ နောက်ဆုံးမိနစ်ချေပဂိုးကြောင့် သရေ ရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

AZ-SportsGabar