နံနက်ပိုင်းအားကစားသတင်းတိုများ (၃.၁၂.၂၀၂၀)

ပီအက်စ်ဂျီကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ ယူနိုက်တက်ကတော့ နေမာရဲ့ သွင်းဂိုး (၂)ဂိုးနဲ့အတူ (၁-၃)ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ကွင်းလယ်လူ ဖရက်ဒ်အနီကတ်ပြထုတ်ခံခဲ့ရပြီး၊ ယူနိုက်တက်ရဲ့အဆုံးသတ်ပိုင်း မသေချာမှုတွေကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်ကတက်နိုင်မယ့်အခွင့်အရေးကို ဆုံးရှုံးခဲ့ရပါတယ်။

တဖက်မှာတော့ အုပ်စုတွင်းပြိုင်ဘက် လစ်ဇစ်က အစ္စတန်ဘူလ်ကို (၃-၄)နဲ့ အနိုင်ရခဲ့တဲ့အတွက် ယူနိုက်တက်ပါဝင်နေတဲ့ အုပ်စု (H)ဟာ ပီအက်စ်ဂျီ၊ ယူနိုက်တက်၊ လစ်ဇစ် (၉)မှတ်စီနဲ့ အုပ်စုတက်မယ့် သုံးသင်းလုံးအခွင့်အရေးရှိနေတာကို တွေ့ခဲ့ရပါတယ်။

ဒိုင်နမိုကိဗ်ကို (၃-ဝ)နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ စီရော်နယ်ဒိုဟာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါဂိုးကြောင့် ကစားသမားဘ၀ သွင်းဂိုး (၇၅၀)အထိရှိလာပြီး၊ ခရစ္စတီယာနိုရဲ့ ဂိုးသွင်းစံချိန်ဟာ ကမ္ဘာ့ဂိုးသွင်းအများဆုံး ထိပ်ဆုံးနေရာကို တဖြည်းဖြည်းတက်လှမ်းလာနိုင်တော့ဖို့ ရှိနေပါတယ်။

လာဇီယိုကို သရေကန်နိုင်ခဲ့တဲ့ ဒေါ့မွန်ကတော့ (၁-၁)ရလဒ်နဲအတူ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ တက်ဖို့ အာမခံချက်ရသွားခဲ့ပြီဖြစ်ပါတယ်။ ပထမ၊ ဒုတိယနေရာအတွက် နောက်ဆုံးပွဲစဉ်ကိုပဲ အမှတ်ရယူမလား စောင့်ကြည့်ရမှာဖြစ်ပြီး၊ ဟာလန်းမပါပေမဲ့ ဂိုးရနိုင်တဲ့ တိုက်စစ်ကိုပြသခဲ့ပါတယ်။

ဆီဗီးလားကို (ဝ-၄)နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချဲလ်ဆီးအသင်းကတော့ ဂီရောက်တဦးတည်း လေးလုံးအဆုံးသတ်ပြီး၊ တိုက်စစ်ထက်မြက်တဲ့နိုင်ပွဲကို ပြသနိုင်ခဲ့ပါတယ်။ နိုင်ပွဲကြောင့် ချဲလ်ဆီးအသင်း အုပ်စုပထမနဲ့ (၁၆)သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်တဲ့အတွက် နောက်ဆုံးပွဲစဉ်က အရေးမပါတော့ဘူလို့ဆိုရမှာဖြစ်ပါတယ်။

စပါးအသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းတယောက် ဒဏ်ရာကြောင့် LASK နဲ့ ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်ကို မပါဝင်နိုင်တော့ဘူးလို့ သိရပါတယ်။ ကြံ့ခိုင်မှုမပြည့်ဝတဲ့အတွက် အနားပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ အာဆင်နယ်နဲ့တွေ့မယ့်ပွဲမှာ ကြံ့ခိုင်မှုပြည့်ဖို့အတွက် ချန်ထားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန် ချန်ပီယံရှစ်နဲ့ အောက်တန်းလိဂ်တွေမှာတော့ ပရိသတ်တွေ ပြန်ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ရက်ပေါင်း (၂၆၆)ရက်အကြာမှာ ပရိသတ်တွေ ပထမဆုံးအကြိမ် ပြန်ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ အရေအတွက် အကန့်အသတ်နဲ့ သတ်မှတ်ထားတဲ့အတိုင်းပဲလို့ သိရပါတယ်။

AZ-SportsGabar