ထရာအိုရေးကို အုတ်တံတိုင်းကြီးလို့ ဆိုရင်း အဝါကတ်ကို ပေါက်ကွဲခဲ့တဲ့ ရော့ဘ်ဟိုဒင်း

ဝုဗ်ကို (၂-၁)နဲ့ ရှုံးသွားတဲ့ ပွဲရဲ့ ပထမပွဲချိန်တွင်းမှာ အာဆင်နယ်နောက်ခံလူ လူးဝစ်ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒါကြောင့် နောက်ခံလူ ရော့ဘ်ဟိုဒင်းဝင်လာခဲ့ပြီး၊ ဒုတိယပိုင်းအရောက်မှာ ဝုဗ်တိုက်စစ်ကိုထိန်းခဲ့ပါတယ်။ ထရာအိုရေးဦးဆောင်တဲ့ တိုက်စစ်ကို ထိန်းဖို့ကြိုးစားရင်း ပွဲချိန်တွင်း တနေရာမှာ နှစ်ဦးသားထိမိခိုက်မိလေးတွေ ရှိခဲ့ပါတယ်။

ဟိုဒင်းက ဘောလုံးလုဖို့ပြေးလာတဲ့ ထရာအိုရေးကို ဘော်ဒီခုလိုက်ချိန်မှာ အရှိန်နဲ့ ပြေးလာတတဲ့ ထရာအိုရေးတယောက် မှောက်သွားခဲ့ပါတယ်။ ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာက ဟိုဒင်းဟာ ထရာအိုရေးကို ဖောင်းဘောကျူးလွန်တယ်လို့ သတ်မှတ်လိုက်ပြီး၊ အဝါကတ်ပြဖို့ ပြင်ဆင်လိုက်ပါတယ်။ ဒီအနေအထားက နောက်ခံလူ ဟိုဒင်းအတွက်အတော်လေး ပေါက်ကွဲသွားစေပါတယ်။

မိုက်ကယ် အိုလီဗာရဲ့ ဖောင်းဘောပေးတာကို မြင်လိုက်ရချိန်မှာ ပါးစပ်ကနေ ဒေါသတကြီးပေါက်ကွဲခဲ့ကာ ဒိုင်ကို စောဒကတက်ခဲ့ပါတယ်။ ကင်မရာတွေက ဟိုဒင်းအပေါ်ကို စုပြုံကျနေတဲ့အတွက် လွယ်လွယ်ကူကူဆိုသလိုပဲ ဟိုဒင်းပြောတာကို မှန်းဆရခဲ့ပါတယ်။ ” ဒီလောက် အုတ်တံတိုင်းလို မာကျောနေတဲ့ သူက အခုလိုမျိုး လဲကျတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ဆိုပြီးပြောခဲ့ပါတယ်။

ဒါပေမဲ့ အဝါကတ်ပြခံရတာကနေ မလွတ်ခဲ့ပါဘူး။ ဟိုဒင်းအခုလို ပြောခဲ့တာကလည်း အကြောင်းရှိပါတယ်။ ထရာအိုရေးဟာ ခန္ဓာကိုယ်နဲ့မှမလိုက် လဲကျခဲ့လို့ပါ။ ဘော်ဒီကို ဦးစားပေးတည်ဆောက်ထားတဲ့ ထရာအိုရေးဟာ သူ့ကို ထိန်းရတဲ့ နောက်တန်းတွေအတွက်တော့ အိပ်မက်ဆိုးပါ။ တကယ့်ကို ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးနဲ့ လျှင်လျှင်မြန်မြန် ကစားသူလည်းဖြစ်ပါတယ်။

အာဆင်နယ်နောက်ခံလူ ပါးစပ်ကနေ ထုတ်ပြောရလောက်တဲ့အထိ ဖြစ်ခဲ့ပေမဲ့ သူလည်း လိုအပ်ရင် လဲကျတတ်တာကို ပြခဲ့ပါတယ်။ လက်ရှိမှာ ဟိုဒင်းရဲ့ပေါက်ကွဲမှုကို ပရိသတ်တွေက ငိုအားထက် ရယ်အားသန်နေပြီး၊ အခုလို အဝါကတ်တော့ မပြသင့်ပါဘူးလို့ ဆိုခဲ့ပါတယ်။ ဟိုဒင်းပြောသလို ဒီလောက်အုတ်တံတိုင်းကြီးက လက်ကလေးနဲ့ထိတာကို လဲကျတာတော့ မဖြစ်သင့်တာအမှန်ပါပဲ။

AZ-SportsGabar