နံနက်ပိုင်း အားကစားသတင်းတိုများ (၂၈.၁၁.၂၀၂၀)

ခရစ္စတယ်ပဲလေ့စ်နဲ့ နယူးကာဆယ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က (ဝ-၂)နဲ့အတူ ဧည့်သည် နယူးကာဆယ်တို့ အနိုင်ရခဲ့ပါတယ်။ နယူးကာဆယ်ရဲ့ ဝီလ်ဆင်၊ ဂျိုလင်တန်အတွဲရဲ့ အထူးခြေစွမ်းပြမှုတွေနဲ့အတူ (၈၈) (၈၉)မိနစ်တွေမှာ ဝီလ်ဆင်သွင်းတာကို ဂျိုလင်တန်ကဖန်တီး၊ ဂျိုလင်တန်သွင်းတာကို ဝီလ်ဆန်က ဖန်တီးနဲ့နိုင်ပွဲရယူပေးခဲ့ပါတယ်။

ပြင်သစ်လီဂူးဝမ်းပွဲစဉ်အဖြစ်ကစားခဲ့တဲ့ ရန်းနက်နဲ့ စထရားဘော့ဂျ်တို့ရဲ့ ပွဲစဉ်မှာတော့ ကစားသမားတွေဟာ M ပုံသဏ္ဍန်ဖော်ပြီး၊ မာရာဒိုနာသေဆုံးမှုကို ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။ ပွဲမစခင်မှာ နှစ်ဖက်အသင်းကစားသမားတွေ အခုလို လုပ်ခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းရဲ့အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဗလင်ဆီယာက လက်ရှိအချိန်မှာ မက္ကဆီကိုလိဂ် လီဂါမက်က ကလပ်တခုဖြစ်တဲ့ ကွာရီတာရို အက်ဖ်စီနဲ့ စာချုပ်ချုပ်ဖြစ်ခဲ့ပြီလို့သိရပါတယ်။ ဘောလုံးလောကက အနားမယူသေးဘဲ ပွဲတွေဆက်ကန်ဖို့ ဗလင်ဆီယာအနေနဲ့ ကြိုးပမ်းနေတုန်းဖြစ်ပါတယ်။

ဖီဖာက သတ်မှတ်တဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံအသင်း (၁၀)သင်းစာရင်းကို မက္ကဆီကိုက ပထမဆုံးအကြိမ်အဖြစ် (၂၀၀၆)ခုနှစ်နောက်ပိုင်း ပြန်ဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။ အဆင့် (၉)နေရာမှာရပ်တည်နေပြီး၊ ဘယ်ဂျီယမ်၊ ပြင်သစ်၊ ဘရာဇီးလ်၊ အင်္ဂလန်၊ ပေါ်တူဂီ၊ စပိန်၊ အာဂျင်တီးနား၊ ဥရုဂွေး၊ မက္ကဆီကို၊ အီတလီတို့နဲ့အတူ ရှိနေပါတယ်။

ကစားပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေရဲ့ တပတ်တာအကောင်းဆုံး သွင်းဂိုးဆုရှင်အဖြစ် မန်ယူအသင်းရဲ့ ဘရူနိုဖာနန်ဒက်ရဲ့ အစ္စတန်ဘူလ်ကို ဦးဆောင်ဂိုးသွင်းခဲ့တဲ့ ကန်ချက်ပြင်းဂိုးက ရရှိသွားတယ်လို့ သိရပါတယ်။

ဒဏ်ရာကြောင့် တလနီးပါးကြောင့် အနားယူခဲ့ရတဲ့ ချဲလ်ဆီးရဲ့ ပူလီဆစ်ကတော့ လာမယ့်ချဲလ်ဆီးပွဲစဉ်တွေမှာ ပြန်လည်ပါဝင်ဖို့ ကြံ့ခိုင်မှုအပြည်နဲ့ ဒဏ်ရာကင်းစင်နေပြီလို့ နည်းပြ ဖရန့် လမ်းပတ်က အတည်ပြုခဲ့ပါတယ်။

AZ-SportsGabar