အဲရစ်ဆင်ကိုဝယ်အောင် ခေါ်တုန်းကဈေးထက် အာဆင်နယ်ကို လျှော့ကမ်းလှမ်းလိုက်တဲ့ အင်တာမီလန်

အင်တာမီလန်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်ကစားသမားကို ခေါ်ယူပြီး (၁)နှစ်အကြာမှာပဲ ပြန်ရောင်းချဖို့ ပြင်ဆင်နေပါပြီ။ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး၊ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းကို ကမ်းလှမ်းဖို့ လုပ်ဆောင်ထားပြီလို့ ESPN က ဖော်ပြခဲ့ပါတယ်။

(၂၈)နှစ်အရွယ် အရွယ်ကောင်းမှာရှိနေတဲ့ အဲရစ်ဆင်တယောက် စီးရီးအေမှာခြေစွမ်းမပြနိုင်သလို ပွဲထွက် (၁၁)ပွဲပဲ ကစားရပါသေးတယ်။ စာချုပ်သက်တမ်းက လေးနှစ်ခွဲဖြစ်တဲ့အတွက် နောက်ထပ်သုံးနှစ်ခွဲအထိ အသင်းမှာဆက်နေရဖို့ရှိနေပေမဲ့ ပွဲထွက်ခွင့်မရတဲ့အနေအထားမှာ အဲရစ်ဆင်တယောက် အသင်းပြောင်းဖို့ အင်တာမီလန်ကိုတောင်းဆိုခဲ့ပါတယ်။

အင်တာမီလန်ဥက္ကဌ မာရော့တာက ” ကစားသမားတယောက်က အသင်းက ထွက်ခွာခွင့်တောင်းလာပြီဆိုရင် အသင်းမှာနေဖို့ ဖိအားပေးတာမျိုးလုပ်မှာမဟုတ်ပါဘူး’ လို့ ဝန်ခံရင်း အဲရစ်ဆင် အသင်းပြောင်းဖို့ တောင်းဆိုထားတာကို ဖွင့်ဟခဲ့ပါတယ်။ လာမယ့် ဇန်နဝါရီမှာပဲ လက်လွှတ်ဖို့ ပြင်ဆင်ထားပြီး၊ အသင်းဖက်ကနေ တခြားအသင်းကို ကမ်းလှမ်းပေးဖို့ စတင်လုပ်ဆောင်ခဲ့ပါတယ်။

အာဆင်နယ်အသင်း ကွင်းလယ်မှာ ကစားသမားကောင်းတွေ လိုအပ်နေတာသိတဲ့ အင်တာမီလန်ဟာ အဲရစ်ဆင်ကို အာဆင်နယ်အသင်းဆီကမ်းလှမ်းခဲ့ပါတယ်။ စပါးအသင်းကနေ ပေါင် (၁၆.၉)သန်းနဲ့ ခေါ်ယူပြီးနောက်ပိုင်း အသင်းမှာ အဆင်ပြေပြေမကစားနိုင်ခဲ့တဲ့ ကစားသမားအတွက် သူတို့ခေါ်တုန်းကဈေးထက် နည်းတဲ့ ပမာဏတရပ်နဲ့ အာဆင်နယ်ကိုခေါ်ဖို့ ကမ်းလှမ်းခဲ့တာပါ။

တချိန်က ကမ္ဘာ့ထိပ်တန်းကစားသမားလို့ သတ်မှတ်ခံရတဲ့ အဲရစ်ဆင်ကလည်း ပရီးမီးယားလိဂ်ကိုပဲ ပြန်လာဖို့ ဆန္ဒရှိတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းက ဆိုပါတယ်။ ဒါကြောင့် ဆောက်သမ်တန်၊ အဲဗာတန်နဲ့ တခြား ပရီးမီယားလိဂ်ကလပ်တွေကလည်း အဲရစ်ဆင်လို ပရီးမီးယားလိဂ် အတွေ့အကြုံရှိတဲ့ ကစားသမားကို ခေါ်ယူဖို့ အလိုရှိနေပါတယ်။

ပြောင်းရွှေ့ကြေး ပမာဏကို ဘယ်လောက်အထိမဖော်ပြထားပေမဲ့ ပေါင် (၁၂)သန်းရတာနဲ့ ကိုလက်လွှတ်မယ်လို့ ESPN က ဖော်ပြထားပါတယ်။ အာဆင်နယ်ကွင်းလယ်မှာ တိုက်စစ်ပိုင်းလိုက်ပါနိုင်တဲ့ ကစားသမားလိုအပ်နေချိန်၊ အခုလို အဲရစ်ဆင်ကို ပေါင် (၁၂)သန်းလောက်နဲ့ ရမယ့်အနေအထားက တော်တော်လေးကို အဆင်ပြေတဲ့ ကမ်းလှမ်းမှု ဖြစ်လာဖို့ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

AZ-SportsGabar