မက်ဆီ၊ ရော်နယ်ဒိုအပြင် ဖီဖာအကောင်းဆုံးဆု ဆန်ခါတင်စာရင်းမှာ လိဒ်နည်းပြနဲ့ အယ်ကန်တာရာတို့ပါဝင်လာ

ကိုဗစ်ကြောင့် ဒီနှစ်မှာ ဘလွန်းဒီအော်ဆုမပေးတော့ပေမဲ့ ဖီဖာက ပေးအပ်ချီးမြင့်တဲ့ ဆုတွေကတော့ ပါဝင်နေဦးမှာဖြစ်ပါတယ်။ ဘောလုံးအဖွဲ့ချုပ်ကပေးတာဖြစ်တဲ့အတွက် ပိုပြီးနည်းစနစ်ကျတယ်လို့ ပြောရမယ့်ဆုအတွက် ဆန်ခါတင်စာရင်းထွက်ပေါ်လာခဲ့ပါပြီ။ အမျိုးသား အကောင်းဆုံး ဘောလုံးကစားသမားဆုနဲ့ နည်းပြဆုအတွက် (၁၁)ယောက်နဲ့ (၅)ယောက်စီ ဆန်ခါတင်စာရင်းတွေပါဝင်ပါတယ်။

အမျိုးသား အကောင်းဆုံး ဖီဖာဘောလုံးကစားသမားဆုအတွက် စာရင်းက (၁)အန်ကန်တာရာ (စပိန်၊ လီဗာပူး)၊ (၂) ရော်နယ်ဒို (ပေါ်တူဂီ၊ ဂျူဗင်တပ်)၊ (၃) ဒီဘရိုင်း (ဘယ်လ်ဂျီယမ်၊ မန်စီးတီး၊)၊ (၄)လီဝမ်ဒေါစကီး (ပိုလန်၊ ဘိုင်ယန်မြူးနစ်)၊ (၅)မာနေး (ဆီနီဂေါ၊ လီဗာပူး)၊ (၆)အမ်ဘာပေ (ပြင်သစ်၊ ပီအက်စ်ဂျီ)၊ (၇)မက်ဆီ (အာဂျင်တီးနား၊ ဘာစီ)

(၈)နေမာ (ဘရာဇီးလ်၊ ပီအက်စ်ဂျီ)၊ (၉)ရာမို့စ် (စပိန်၊ ရီးရဲလ်)၊ (၁၀)ဆာလား (အီဂျစ်၊ လီဗာပူး)၊ (၁၁) ဗန်ဒိုက် (နယ်သာလန်၊ လီဗာပူး)တို့ပါ။ ဖီဖာရဲ့အကောင်းဆုံး ဆန်ခါတင်ဆုရဲ့ သဘောတရားက ချန်ပီယံလိဂ်၊ အမှတ်ပေးလိဂ်ရတဲ့ ကစားသမားတေကို ဦးစားပေးတတ်တဲ့ အစဉ်အလာရှိတဲ့အပေါ် ဘိုင်ယန်ကစားသမားနှစ်ဦးဖြစ်တဲ့ လီဝမ်ဒေါစကီးနဲ့ အယ်ကန်တာရာတို့ရေပန်းစားလာပါတယ်။

လီဝမ်ဒေါစကီးကတော့ တစ်ပြေးနေတဲ့ ကစားသမားဖြစ်ပြီး၊ ဘိုင်ယန်မြူးနစ်နဲ့ တနှစ်တည်း ဖလားလေးလုံးယူခဲ့တဲ့အတွက် အေကာင်းဆုံးဖြစ်ပါတယ်။ နည်းပြဆန်ခါတင်ဆုမှာတော့ အံ့အားသင့်ဖွယ်ရာဆိုသလို လိဒ်ယူနိုက်တက်နည်းပြ ဘီရယ်ဆာပါဝင်လာခဲ့ပါတယ်။ ကျန်တဲ့ လေးယောက်ကတော့ ဘိုင်ယန်မြူးနစ် နည်းပြ ဟန်ဆီ ဖလစ်၊ လီဗာပူးနည်းပြ ကလော့ပ်၊ ဆီဗီးလားနည်းပြ လိုပတ်တီဂူးနဲ့ ရီးရဲလ်နည်းပြ ဇီဒန်းတို့ပါလာခဲ့ပါတယ်။

ဒါပေမဲ့ ဘိုင်ယန်နည်းပြ ဟန်ဆီဖလစ်လို စကိုင်ကိုင်ချင်းနှစ်မှာ ဖလားလေးလုံးရအောင်စွမ်းဆောင်ပြထားတဲ့ နည်းပြ တဦးမှမရှိတဲ့အတွက် ဟန်ဆီဖလစ်အတွက် ကျိန်းသေတဲ့ဆုလို့ ဆိုလု့ရပါတယ်။ လိဒ်နည်းပြက တန်းတက်စွမ်းဆောင်ရည်၊ ဆီဗီးလားနည်းပြရဲ့ ယူရိုပါလိဂ်ဖလားနဲ့ ကျန်တဲ့ ကလော့ပ်ရဲ့ဇီဒန်းတို့ရဲ့ အမှတ်ပေးဖလားတွေက ဟန်ဆီဖလစ်ထက် အနည်းငယ်လျော့ခဲ့တဲ့ ပုံစံမှာရှိနေခဲ့ပါတယ်။ ဆုတွေကိုတော့ ဒီဇင်ဘာ (၁၇)ရက်နေ့မှာ ကြေညာမှာဖြစ်ပါတယ်။

AZ-SportsGabar