သုံးရက်တပွဲသာဆက်ကစားရရင် ရာသီအကုန် လူ(၁၁)ယောက်တောင်ကျန်မှာမဟုတ်ဘူးလို့ ကလော့ပ်ညည်းညူ

လက်စတာကို (၃-ဝ)နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပေမဲ့ ဂျာဂင်ကလော့ရဲ့လီဗာပူး လူစာရင်းက ဒဏ်ရာရအများအပြားနဲ့ ပွဲထုတ်ခဲ့ရပါတယ်။ အသင်းရဲ့ကစားသမားတွေ ကြံ့ခိုင်မှုမပြည့်တဲ့အပြင် နိုင်ငံပွဲ ၊ ကိုဗစ်ကိစ္စရပ်တွေက လီဗာပူးကိုထိခိုက်စေခဲ့ပြီး၊ ကလော့အတွက် လူထုတ်ဖို့အတော်လေး အခက်အခဲဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲစဉ်တွေက ရပ်တန့်မသွားဘဲ ဗုဒ္ဓဟူးနေ့မှာ ဘရိုက်တန်နဲ့ကန်ရဦးမှာပါ။

ဒီအနေအထားတွေက ကလော့ကို မပျော်ရွှင်စေပါဘူး။ အခုလိုသာဆက်ကန်နေရရင် ရာသီအကုန်မှာ သူ့လူ (၁၁)ယောက်တောင်ကျန်မှာမဟုတ်တော့ဘူးလို့ ညည်းတွားလိုက်ပါတယ်။ စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ အချိန်ဇယားတွေကို ပြင်ပေးဖို့ ကလော့က ဖြေကြားခဲ့ပြီး၊ သူ့အမြင်ကိုအခုလို ဖွင့်ဟခဲ့ပါတယ်။ ” လူတိုင်းက ကျွန်တော့်ကို ခက်ခဲတယ်လို့ ပြောနေကြတယ်။”

” ဒါပေမဲ့ တကယ်ခက်ခဲတာက ကစားသမားတွေအတွက်ပါ။ ကျန်တဲ့အပိုင်းတွေအကုန်လုံးက ရုံးခန်းထဲက စားပွဲပေါ်က ဆုံးဖြတ်ချက် တခုပါပဲ။ ကျွန်တော်အခုပြောနေတာတွေကို BT သတင်းဌာနကိုမပြောဘူးဆိုရင် ကျွန်တော်တို့အားလုံးမကြာခင်လုံးပါးပါးတော့မှာပါ။ စကိုင်းစပေါ့နဲ့ BT လို သတင်းဌာနတွေက ဒီကိစ္စကို ထောက်ပြကို ထောက်ပြရမယ်။’

” အကယ်လို့ ကျွန်တော်တို့သာ လာမယ့် ဗုဒ္ဓဟူး၊ ပြီးရင်စနေတွေမှာ ဆက်ကစားရမယ်ဆိုရင် ရာသီအကုန်မှာ ကျွန်တော်တို့လူ (၁၁)ယောက်တောင်ကျန်ပါတော့မလား မသိဘူး။ ‘ လို့ ဆိုခဲ့ပါတယ်။ ကလော့ပ်ပြောခဲ့သလို လီဗာပူးဟာ ဒဏ်ရာရ ကစားသမားတွေများနေပေမဲ့ ပရီးမီးယားလိဂ်ပွဲတွေကို ဆက်တိုက်ကစားရဦးမယ့်အပြင် ချန်ပီယံလိဂ်ပွဲတွေကလည်း လာဦးမှာပါ။

ဗန်ဒိုက်၊ ဂိုမက်အပြင်၊ အာနိုးပါဒဏ်ရာရနေတဲ့ နောက်တန်းမှာ ရေရှည်စခန်းသွားဖို့ ကလော့ပ်အတွက် အခက်အခဲရှိတာအမှန်ပါ။ ဒါပမေဲ့လည်း ကိုဗစ်ကိစ္စတွေကြောင့် နိုင်ငံပွဲတွေနောက်ဆုတ်ထားတဲ့ ကိစ္စတွေက ကလပ်ပွဲတွေကို အမြန်ကန်ရဖို့ တွန်းအားပေးနေတဲ့အပေါ် သုံးရက်တပွဲဆက်ကန်နေရမှာဖြစ်တဲ့အတွက် ရာသီအကုန်မှာ ကလော့ပြောသလို လူကျန်တော့ပါ့မလားက ပရိသတ်တွေစဉ်းစားစရာပဲဖြစ်ပါတယ်။

AZ- SportsGabar