ပြင်သစ်မှာ ကောင်းသလောက် ယူနိုက်တက်မှာ ပေါ့ဘာရုန်းကန်နေရတဲ့အကြောင်းကို ဆရာဟောင်းက အကျယ်တဝင့်ရှင်းပြ

ယူနိုက်တက်ရဲ့နည်းပြဟောင်းဖြစ်တဲ့ မော်ရင်ဟိုကတော့ ပေါ့ဘာတစ်ယောက် ပြင်သစ်မှာခြေစွမ်းပြနေသလောက် ယူနိုက်တက်မှာရုန်းကန်နေရတဲ့ အကြောင်း တရားတွေကို ရှင်းပြပြောဆိုသွားခဲ့ပါတယ်။ ပေါ့ဘာဟာ လက်ရှိကစားနေတဲ့ အင်တာနေရှင်နယ်ဂျုတီမှာ ပြင်သစ်အသင်းအတွက် အရေးပါလှတဲ့ ခြေစွမ်းကောင်းတွေကိုထုတ်ပြထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ပြင်သစ်မှာခြေစွမ်းပြလျက်ရှိနေပေမဲ့ ယူနိုက်တက်မှာတော့ ပုံမှန်ခြေစွမ်းပြဖို့ရုန်းကန်နေခဲ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာဆိုရင် အရန်ခုံမှသာထိုင်နေခဲ့ရတာဖြစ်ပါတယ်။ ပေါ့ဘာအနေနဲ့ ကလပ်အသင်းနဲ့ နိုင်ငံအသင်းကြားခြေစွမ်းတွေထူးထူးခြားခြားကွာဟနေရတဲ့ အကြောင်းတရားတွေကို ဆရာဟောင်းဖြစ်တဲ့ မော်ရင်ဟိုက အခုလိုပဲရှင်းပြပြောဆိုသွားခဲ့ပါတယ်။

မော်ရင်ဟိုက ” ဒါကဘောလုံးနဲ့ပတ်သက်ပြီးသူတွေးနေတာနဲ့ဆိုင်ပါတယ်၊ ဘောလုံးရာသီတစ်ခုအတွင်းမှာ ကလပ်အသင်းတွေအနေနဲ့ အသင်းကြီးတွေနဲ့ တွေ့ပြီးတဲ့ အခါ၊ အသင်းငယ်လေးနဲ့တွေ့နိုင်ပါတယ်၊ နောက်တစ်ပွဲမှာဆိုရင် ပိုပြီးတော့အင်အားနည်းတဲ့ အသင်းငယ်လေးနဲ့တောင်တွေ့နိုင်ပါတယ်၊ အဲ့ဒီလိုတွေ တွေ့လာရင် ခင်ဗျားရဲ့ အာရုံစိုက်မှုက လျော့နည်းလာမှာပါ၊

အာရုံစူးစိုက်မှုတွေပိုပြီးတော့နည်းလာမယ်၊ ပြီးရင်တော့ ပွဲကြီးပွဲကောင်းတွေပြန်လာမယ်၊ အဲ့ဒီလိုတွေမှာစပြီးတော့မှားတော့တာပါပဲ၊ နိုင်ငံပွဲမှာကျတော့မတူဘူးဗျ၊ ဥပမာ ကမ္ဘာ့ဖလားလို ပြိုင်ပွဲမှာဆိုရင် ကစားသမားတွေရဲ့ စိတ်ခံစားချက်တွေ၊ တာဝန်ယူမှုတွေ၊ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေက အမြဲတမ်းတဖြည်းဖြည်းကြီးထွားလာနေတာပါ၊ အုပ်စုအဆင့်ကနေပြီးတော့ ဗိုလ်လုပွဲစဉ်အထိ ကစားသမားတွေရဲ့ စိတ်ခံစားမှုနဲ့ အာရုံစူးစိုက်မှုကတစ်ခုထဲပါပဲ ” လို့ပြောကြားသွားခဲ့ပါတယ်။

ပေါ့ဘာအနေနဲ့ ကလပ်အသင်းနဲ့ နိုင်ငံအသင်းကြားခြေစွမ်းပိုင်းကွာဟချက်တွေရှိနေတာဟာ ကစားရတဲ့ ပြိုင်ပွဲတွေရဲ့မတူညီမှုတွေကြားမှာ အာရုံစူးစိုက်မှုတွေ လျှော့နည်းတာကြောင့် ဖြစ်တယ်လို့ ရှင်းပြပြောဆိုခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းက (၂)နှစ်ခန့်သာကျန်ရှိတော့တဲ့ အခြေအနေမှာ ယူနိုက်တက်က စာချုပ်သက်တမ်းတိုးလိုနေပေမဲ့ပေါ့ဘာကတော့ လက်ခံမယ့် အနေအထားမှာမရှိဘူးလို့နာမည်ကြီးဂျာနယ်လစ်ရိုမန်နိုက ဖော်ပြသွားခဲ့ပါတယ်။

AZ-SportsGabar