လာလီဂါအမှတ်ပေးဇယားထိပ်မှာ ဆိုစီဒက်ရောက်နေအောင် ဒေးဗစ်ဆေးလ်ဗားဘယ်လိုကူညီထားသလဲ

စပိန်လာလီဂါရဲ့ လတ်တလောအမှတ်ပေးဇယားကို ဦးဆောင်နေသူက ရီးရဲလ်ဆိုစီဒက်ပါ။ ထိပ်သီးအသင်းတွေ ခြေမှောက်နေချိန်မှာ ရသမျှအခွင့်အရေးတွေအကုန်ယူပြီး၊ (၉)ပွဲကစား (၆)ပွဲနိုင်၊ (၁)ပွဲရှုံး အမှတ် (၂၀)နဲ့ ဇယားထိပ်ဆုံးကရပ်တည်နေပါတယ်။ ဘယ်သူမှမထင်မှတ်ထားတဲ့ အနေအထားမျိုးဖြစ်နေပေမဲ့ ရီးရဲလ်ဆိုစီဒက်ရဲ့ ခြေစွမ်းက အသိအမှတ်မပြုဘဲ မနေနိုင်ပါဘူး။

မနှစ်က နောက်ဆုံးပိတ်ရာသီကုန်ရပ်တည်မှုမှာ အဆင့်ခြောက်နဲ့ရပ်တည်ခဲ့တဲ့အတွက် ဆိုစီဒက်တို့ ချန်ပီယံလိဂ်ဝင့်ခွင့်တနေရာကို မျှော်မှန်းဖို့အားထုတ်လာပါတယ်။ ဒါပေမဲ့ အသင်းရဲ့အဓိက ကစားသမားဖြစ်ခဲ့တဲ့ မာတင်အိုဒီဂတ် ရီးရဲလ်ကိုပြန်သွားချိန်မှာ ကွင်းလယ်အတွက် ခေါင်းခဲခဲ့ပါတယ်။ မာတင်အိုဒီဂတ်က ရီးရဲလ်ကနေ ဆိုစီဒက်ကို အငှာလာကစားသွားခဲ့တဲ့ (၂၁)နှစ်သားလေးပါ။

ဒါကြောင့်မဖြစ်မနေကွင်းလယ်ကိုအားဖြည့်ဖို့ လိုခဲ့ပါတယ်။ ကံကြမ္မာက ဆိုစီဒက်ဖက်မှာရှိနေခဲ့ပါတယ်။ မန်စီးတီးဂန္ဓဝင်တယောက် ပရီးမီးယားလိဂ်ကနေ အနားယူချိန်မှာ အလွတ်ကြေးနဲ့ ဆိုစီဒက်တို့ညှိနှိုင်းခဲ့ပါတယ်။ အသင်းကို ဘယ်သူမှမထင်မှတ်ထားချိန်မှာခေါ်ယူနိုင်ခဲ့ပြီး၊ လာလီဂါမှာ အနီကတ်ကြောင့်တပွဲမပါခဲ့ရတာကလွဲရင်ကျန်တဲ့ပွဲတိုင်းကို ပွဲထွက်ပါဝင်ကစားစေခဲ့ပါတယ်။

ဆေးဗားရဲ့အတွေ့အကြုံတွေက ပွဲကိုစိုးမိုးဖို့အထောက်အကူဖြစ်ခဲ့ကာ ဆိုစီဒက်တို့ တာထွက်လှခဲ့ပါတယ်။ သူ့ရဲ့ပါဝင်ပတ်သက်မှုတွေက ဆိုစီဒက်အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပါတယ်။ (၈)ပွဲကစား (၁)ဂိုးသွင်း၊ (၂)ကြိမ်ဖန်တီးမှု၊လုပ်ထားပါတယ်။ ပေးပို့မှုက (၈၆.၃၂)ရာခိုင်နှုန်းလောက် တိကျထားတဲ့အပေါ်မှာ ဖိုင်နယ်သာဒ့်ဇုန်အတွင်း ပေးပို့မှုက (၁၂၂)ကြိမ်အထိရှိနေပါတယ်။

Pre Assists တွေကအသင်းဂိုးရဖို့ နေရာလွတ်တွေကို ရှာဖွေနိုင်ခဲ့ပြီး၊ အသင်းရဲ့တိုက်စစ်မှူး အိုရာဇာဘယ်ကို (၆)ဂိုးနဲ့ လက်ရှိလာလီဂါရဲ့ထိပ်ဆုံးဂိုးသွင်းသူအဖြစ်ကိုပါ ကူညီထားနိုင်ပါတယ်။ (၃၄)နှစ်ရှိနေပေမဲ့ စကေးနဲ့ နည်းစနစ်တွေပိုအားသန်တဲ့ လာလီဂါမှာတော့ ဆေးလ်ဗားဟာ လုံးဝအလုပ်ဖြစ်နေပါတယ်။ ပွဲချိန်တွင်းဒဏ်ရာရတာမျိုးလည်းမရှိဘဲ ကြံ့ခိုင်မှုအပြည့်နဲ့ ရှိနေပါတယ်။

ငယ်စဉ်ကတည်းက စပိန်မှာအသားကျလာတဲ့ ကစားသမားဖြစ်နေတာကလည်း ဆိုစီဒက်အတွက် ကံကောင်စေတဲ့ အချက်ဖြစ်နေပြန်ပါတယ်။ ဆိုစီဒက်ကို ဘယ်အထိဆက်ခေါ်သွားမလဲနဲ့ လက်ရှိအသင်းကို ဘယ်အထိထပ်ပံ့ပိုးသွားမလဲက စိတ်ဝင်စားဖို့ကောင်းနေပြီး၊ ဆေးလ်ဗားနဲ့ ဆိုစီဒက်တို့ ဖလားရတဲ့အထိ လုပ်ပြသွားနိုင်မလားက လက်ရှိလာလီဂါရဲ့ မေးခွန်းတခုအဖြစ်ရှိလာခဲ့ပြီဖြစ်ပါတယ်။

AZ- SportsGabar