ယူနိုက်တက်ဂန္ထဝင်အင်ဒီကိုးလ်ရွေးချယ်ပေးတဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးတိုက်စစ်မှူး (၅)ဦး

ယူနိုက်တက်ရဲ့ဂန္ထဝင်အင်ဒီကိုးလ်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးတိုက်စစ်မှူး (၅)ဦးကိုရွေးချယ်ပေးသွားခဲ့ပါတယ်။ အသက်(၄၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်ဒီကိုးလ်ဟာ ယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ်မှာအကောင်းဆုံးအချိန်တွေပိုင်ဆိုင်ခဲ့တဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး သူ့ခေတ်သူ့အခါမှာတုန်းက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးစာရင်းဝင်တိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်တိုက်စစ်မှာ အင်ဒီကိုးလ်၊ ဒွိုင်ယော့အတွဲဆိုတာ ပြိုင်ဘက်ခံစစ်မှူးတွေအတွက်တော့ အိပ်မက်ဆိုးဖြစ်ခဲ့တဲ့ အထိဒီ(၂)ဦးက ကောင်းလွန်းခဲ့တာဖြစ်ပါတယ်။ ဒေးလီးမေးလ်သတင်းစာနဲ့ တွေ့ဆုံမှုတစ်ခုမှာ အင်ဒီကိုးလ်ကို ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးတိုက်စစ်မှူး(၅)ဦးကိုရွေးချယ်ခိုင်းခဲ့ရာမှာတော့ အင်ဒီကိုးလ်က အခုလိုပဲရွေးချယ်ပေးသွားခဲ့ပါတယ်။

” ဆာဂျီယိုအဂူရိုကတော့ ဒီစာရင်းမှာသေချာပေါက်ရှိနေမှာပါ၊ ရွန်းနီးကလည်း ဒီစာရင်းထဲကိုထည့်ကိုထည့်ရမယ့်သူတစ်ယောက်ပါ၊ ပြီးတော့နစ္စတယ်ရွိင်းကိုရောပေါ့လေ၊ အာဆင်နယ်ရဲ့ ဟင်နရီကိုလည်းထည့်သွင်းရမှာပါ၊ ပြီးတော့နယူးကာဆယ်မှာ တောက်ပခဲ့တဲ့ အလန်ရှီးယားကိုရောပဲပေါ့ “လို့ရွေးချယ်ပေးသွားခဲ့ပါတယ်။ဒီစာရင်းမှာယူနိုက်တက်ရဲ့ ဂုရုကြီး ကန်တိုနာကိုတော့မရွေးချယ်သွားခဲ့ပါဘူး။

ကိုးလ်ဟာယူနိုက်တက်မှာ (၆)နှစ်ကြာရှိနေခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ်ဖလား (၅)ကြိမ်၊ အက်အေဖလား (၂)ကြိမ်နဲ့ ချန်ပီယံလိဂ်(၁)ကြိမ်ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ ဒီစာရင်းမှာ သူ့ကိုယ်သူပြန်လည်မရွေးချယ်ခဲ့ရတဲ့ အကြောင်းကိုတော့ ” လူတိုင်းကတော့ ကျွန်တော့်ကိုမာနကြီးတယ်လို့ပြောတယ်ဗျ၊မောက်မာတယ်ပေါ့ဗျာ၊

ခင်ဗျားလည်း ဒီလိုပဲပြောနိုင်ပါတယ်၊ ကျွန်တော့်ကို ကျွန်တော်သာဒီစာရင်းမှာထည့်လိုက်မယ်ဆိုရင် လူတိုင်းက ကျွန်တော့်ကို မောက်မာတဲ့ကောင်ဆိုပြီးဝေဖန်တော့မှာလေ၊ ဒီစာရင်းမှာ ကျွန်တော့်ကို ကျွန်တော် ဘယ်တော့မှထည့်မှာမဟုတ်ပါဘူး”လို့ ပြောကြားသွားခဲ့ပါတယ်။အင်ဒီကိုးလ်ဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုးပေါင်း(၁၈၇)ဂိုးအထိသွင်းယူခဲ့တာဖြစ်ပြီး အလန်ရှီးယား(၂၆၀ဂိုး)နဲ့ ရွန်းနီး(၂၀၈)ဂိုးပြီးရင် ပရီးမီးယားလိဂ်ရဲ့တတိယမြောက်ဂိုးသွင်းအများဆုံးဖြစ်နေတာပါ။

AZ-SportsGabar