မက်ဆီကိုခေါ်ချင်တယ်ဆိုရင်ရာသီမကုန်ခင်မန်စီးတီးကြိုပြင်ထားရမယ့်အရာ (၂)ခု

လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်ထဲမှာမက်ဆီအနေနဲ့ ဘာစီလိုနာကနေထွက်ခွာဖို့ရှိနေတာပါ။ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို (၈-၂)ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ အာဂျင်တီးနားသားဟာ ဘာစီလိုနာကနေထွက်ခွာချင်တယ်လို့ အတိအလင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေကတည်းက ဘာစီကထွက်ခွာဖို့နီးစပ်ခဲ့ပေမဲ့ စာချုပ်သက်တမ်းမပြည့်သေးတဲ့ အချက်နဲ့ ဘာစီကအသင်းမှာ ဆက်ထိန်းထားခဲ့ပါတယ်။

ဒီဘောလုံးရာသီကုန်ရင်တော့ ဘာစီလိုနာနဲ့မက်ဆီတို့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ကြောင့် မက်ဆီအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာဖွယ်ရှိနေတာပါ။ မက်ဆီကိုခေါ်ယူဖို့အတွက် မန်စီးတီးအသင်းက ရေပန်းအစားဆုံးဖြစ်ပြီး၊ မက်ဆီကိုယ်တိုင်ကလည်း ဘာစီလိုနာကနေထွက်ခွာခဲ့ရင် ဆရာဟောင်းရှိနေတဲ့ မန်စီးတီးအသင်းကိုပြောင်းရွှေ့ကစားချင်နေခဲ့တာဖြစ်ပါတယ်။

ဆိုတော့ လာမယ့်နွေဈေးကွက်မှာ မန်စီးတီးနဲ့ မက်ဆီတို့ရဲ့ ပူးပေါင်းမှုကိုအလွယ်တကူမြင်တွေ့သွားရတော့မလားဆိုတာက စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဒါပေမဲ့ မက်ဆီကို မန်စီးတီးတို့အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ ဖြစ်နိုင်ခဲ့မယ်ဆိုရင် တကယ်တမ်းမက်ဆီတစ်ယောက် မန်စီးတီးကိုရောက်လာဖို့အတွက် မန်စီးတီးတို့ကြိုတင်ပြင်ဆင်ထားရမယ့် အရေးကြီးဆုံးအရာနှစ်ခုရှိနေပါတယ်။

အဲ့ဒါကဘာလဲဆိုတော့ လက်ရှိမန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ မန်စီးတီးကို ကိုင်တွယ်လာခဲ့တာ (၅)နှစ်တာ ကာလထဲကိုရောက်ရှိလာခဲ့ပြီဖြစ်သလို စာချုပ်သက်တမ်းကလည်းနောက်ဆုံးနှစ်ထဲကိုရောက်ရှိလာနေပါပြီ။ ဘာစီလိုနာကို (၄)နှစ်၊ ဘိုင်ယန်ကို (၃)နှစ်ကိုင်တွယ်ခဲ့တဲ့ ဂွာဒီယိုလာအတွက် မန်စီးတီးဟာသူ့ရဲ့နည်းပြဘဝတစ်လျှောက် အရှည်ကြားဆုံးနည်းပြတဲ့ အသင်းအဖြစ်ရှိနေပါတယ်။

ဆိုတော့ကာအသင်းတစ်သင်းကို ကာလရှည်ကြီးနည်းပြလေ့မရှိတဲ့ ဂွာဒီယိုလာတစ်ယောက်လာမယ့်ဘောလုံးရာသီမှာ မန်စီးတီးကို စွန့်ခွာသွားတော့မယ့် အခြေအနေတွေကလည်းရှိနေပါတယ်။ဒီတော့ မန်စီးတီးအနေနဲ့ မက်ဆီကိုခေါ်ယူချင်တယ်ဆိုရင် ဂွာဒီယိုလာကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ အရင် ပြုလုပ်ရဖွယ်ရှိနေတယ်လို့ သတင်းအချို့ကနေဖော်ပြခဲ့ပါတယ်။ဂွာဒီယိုလာသာစာချုပ်သစ်မချုပ်ခဲ့ရင် မန်စီးတီးမှာမက်ဆီကိုမြင်ရနိုင်ခြေက နည်းသွားနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ မက်ဆီဟာအာဂျင်တီးနားအသင်းဖော် မန်စီးတီးတိုက်စစ်မှူး အဂူရိုကိုလည်း မန်စီးတီးအသင်းမှာဆက်ရရှိနေဖို့အလိုရှိနေတယ်လို့ သတင်းအချို့ ဖော်ပြခဲ့တာပါ။ အဂူရိုအနေနဲ့ မန်စီးတီးမှာ အောင်မြင်တဲ့ ကစားသမားအချိန်တွေရှိခဲ့ပေမဲ့ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပါတယ်။ ဒီအတွက်မန်စီးတီးက အဂူရိုကို စာချုပ်သစ်ချုပ်ဆိုသွားပါ့မလားဆိုတာက မေးခွန်းထုက်စရာဖြစ်လာခဲ့ပါတယ်။

ဆိုတော့ မန်စီးတီးအနေနဲ့ လက်ရှိမှာ မက်ဆီကို ခေါ်ယူဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေတယ်ဆိုရင်တောင်မှာ ဖော်ပြခဲ့တဲ့ အချက်(၂)ချက်ကို မလုပ်နိုင်ခဲ့ရင် အလွတ်ပြောင်းရွှေ့ကြေးအခြေအနေမှာတောင်မက်ဆီကို မန်စီးတီးမှာ မြင်တွေ့သွားရဖို့ ဖြစ်နိုင်ခြေနည်းသွားနိုင်ပါတယ်။

AZ-SportsGabar