နံနက်ခင်းအားကစားသတင်းတိုများ (၁၀.၁၁.၂၀၂၀)

ပွဲဆက်တွေဆက်တိုက်များနေပြီး၊ နိုင်ငံတကာပွဲတွေနဲ့ လုံးပမ်းနေရတာကြောင့် ပရီးမီးယားလိဂ်မန်နေဂျာတွေဟာ လူစားငါးယောက်လဲ စည်းမျဉ်းကို ပြန်ပြောင်းဖို့ ထပ်တောင်းဆိုဖို့ စဉ်းစားနေပြီလို့သိရပါတယ်။ နှစ်ကြိမ်တိုင်တိုင်ပယ်ချခံရပြီးဖြစ်ပေမဲ့ နောက်ထပ်တကြိမ်တောင်းဆိုမှုဆက်လုပ်မှာဖြစ်တဲ့အတွက် ဒီတခေါက်မှာ ခွင့်ပြုပေးသွားဖို့ကို မျှော်လင့်နေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့အသက် (၁၈)နှစ်အရွယ် ကစားသမားလေး အန်ဆုဖာတီဟာ ဒူးဒဏ်ရာကြောင့် လေးလတိတိနားရမယ်လို့ အသင်းကထုတ်ပြန်ခဲ့ပါတယ်။ ရီးရဲလ်ဘက်တစ်နဲ့ပွဲမှာ ရခဲ့တဲ့ ဘယ်ဒူးဒဏ်ရာကိုခွဲစိတ်အပြီး၊ အသင်းက ဖာတီရဲ့ခွဲစိတ်မှုဟာ အောင်မြင်ခဲ့တယ်လို့ ဆိုကာ အနားပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

လတ်တလောဖြစ်နေတဲ့ အခြေအနေတွေကြောင့် မန်ချက်စတာယူနိုက်တက်မှာ ကစားနေရတဲ့အပေါ် ပေါ့ဘာဟာ ပျော်ရွှင်မှုရှိမနေဘူးလို့ သိရပါတယ်။ သူ့ရဲ့ပွဲထွက်ကစားရတဲ့အချိန်နဲ့ နေရာစုံကစားနေရတဲ့အချက်က ပေါ့ဘာကို မပျော်မရွှင်ဖြစ်စေပြီး၊ ပေါ့ဘာဟာ သူ့ရဲ့ပုံစံကောင်းကို ပြန်ရှာဖို့လိုနေတယ်လို့ ပြင်သစ်နည်းပြဒက်စ်ချမ့်က ဖွင့်ဟခဲ့ပါတယ်။

ဘာစီလိုနာကစားသမားဟောင်း အီတူးအနေနဲ့ ကားမတော်တဆမှုတခုဖြစ်ခဲ့ပြီး၊ လူကို ထိခိုက်မှု တစုံတခုတော့ မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ ကားအက်ဆီးဒင့်ဖြစ်ပွားခဲ့ချိန်က တနင်္ဂနွေနေ့က ကင်မရွန်းနိုင်ငံမှာလို့ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အင်တာမီလန်မှာ အဆင်မပြေဖြစ်နေတဲ့ သူတို့ရဲ့ကွင်းလယ်ကစားသမားဟောင်း အဲရစ်ဆင်ကို စာချုပ်တာမျိုးပြန်လုပ်ဖို့ရှိနေတယ်လို့ သတင်းထွက်လာပါတယ်။ ကစားသမားကို အငှားခေါ်ယူမှုဖြစ်ဖြစ် ပြန်လုပ်ဆောင်လိုနေပြီး၊ အသင်းမှာခြေစွမ်းပြန်ပြမယ့် အခွင့်အရေးကို ပေးအပ်သွားဖို့ရှိနေပါတယ်။

ပရီးမီးယားလိဂ်မှာ ကိုရိုနာပေါ့စတစ်လေးဦးထပ်တွေ့တယ်လို့ အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ ဘယ်သူဘယ်ဝါလို့မထုတ်ပြခဲ့ပေမဲ့ ကစားသမားအပြင် ဝန်ထမ်းတချို့လည်း ပါတယ်လို့ဆိုပြီး၊ အသင်းတွေရဲ့တောင်းဆိုချက်အရ နာမည်မဖော်ပြခဲ့တာဖြစ်ပါတယ်။

AZ-SportsGabar