ချဲလ်ဆီးရဲ့ ဇီယက်ခြေစွမ်းပြလိုက်ချိန်မှာ တန်းဆင်းရဖို့ တစ်ပေးခံလိုက်ရတဲ့ ရှက်ဖီးယူနိုက်တက်

အဝေးကွင်းမှာ ချဲလ်ဆီးကို လာရင်ဆိုင်ခဲ့ရတဲ့အတွက် ရှက်ဖီးယူနိုက်တက်တို့ သရေရလ်ကို ဦးတည်လာခဲ့ပါတယ်။ ပွဲအစမှာပဲ ဖွင့်တိုက်ဖို့ဆုံးဖြတ်ခဲ့ပြီး၊ လိုအပ်တဲ့ဦးဆောင်ဂိုးကို (၉)မိနစ်မှာ အရယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ပေးဂိုးမရှိသုံးပွဲဆက်နိုင်လာတဲ့ ခံစစ်ကိုဦးဆောင်ဂိုးရလိုက်ချိန်မှာ မဟာဗျူဟာမြောက်ပိတ်ဖို့ကြိုးစားလိုက်တဲ့ ရှက်ဖီးယူနိုက်တက်တို့မှားယွင်းခဲ့ပြီး၊ ဇီယက်ရဲ့နေရာလွတ်ရှာဖွေမှုတွေက ပွဲအဖြေကိုပြောင်းလဲခဲ့ပါတယ်။

ချဲလ်ဆီးတိုက်စစ်က ထုံးစံအတိုင်းသွင်းဂိုးတွေကို အရယူနိုင်ခဲ့ချိန် ဇီယက်တယောက် (၂)ဂိုးအထိဖန်တီးပေးနိုင်ခဲ့ပြီး၊ မေဆင်မောင့်၊ ကိုဗာဆစ်၊ တွဲလုံးတွေနဲ့အတူ (၄-၁)ရလဒ်ကို ပြတ်သားခဲ့ပါတယ်။ နိုင်ပွဲကြောင့် (၁၅)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်သုံးကိုရောက်သွားချိန်မှာ ခရစ်ဝိုက်ဒါရဲ့ရှက်ဖီးကတော့ စံချိန်တင်(၇)ပွဲအထိ ရှုံးလာပါတယ်။

၈ ပွဲကစားပြီးချိန် ၇ ပွဲရှုံး တမှတ်ရဆိုတဲ့ စံချိန်အနေအထားကတော့ ကောင်းတဲ့ သတင်းတော့မဟုတ်ပါဘူး။ မှတ်တမ်းတွေအရဆိုရင် ဒီနှစ်ရာသီမှာ တန်းဆင်းမယ့်အသင်းကို ကြိုသတ်မှတ်ပေးလိုက်သလိုပါပဲ။ ပရီးမီးယားလိဂ်စတင်ကတည်းက (၈)ပွဲကစားပြီး တမှတ်ရတဲ့အထိ ဆိုးရွားတဲ့အသင်းမရှိသလောက်ဖြစ်ခဲ့ပေမဲ့ ထူးထူးခြားခြားရှိခဲ့တဲ့အသင်းတွေကလည်း တန်းဆင်းတန်းတက် မှတ်တမ်းတခုကရှိနေပါတယ်။

(၁၉၉၅-၉၆)ခုနှစ်မှာ မန်စီးတီး ရှစ်ပွဲကစားတမှတ်ရတန်းဆင်း၊ (၁၉၉၈-၉၉)မှာ ဆောက်သမ်တန် ရှစ်ပွဲကစားတမှတ်ရ တန်းတင်ကျန်၊ (၁၉၉၉-၀၀)မှာ ရှက်ဖီးဝမ်းနက်စေး ရှစ်ပွဲကစား တမှတ်ရတန်းဆင်း၊ (၂၀၁၃-၁၄)မှာ ဆန်းဒါးလန်း ရှစ်ပွဲကစား တမှတ်ရ တန်းတင်ကျန်၊ အခု ရှက်ဖီးယူနိုက်တက် ရှစ်ပွဲကစားတစ်မှတ်ရနဲ့ ဖြစ်လာပါပြီ။

တလှည့်စီဖြစ်နေတဲ့အစဉ်အလာအရဆိုရင် ဒီနှစ်မှာတန်းဆင်းဖို့များဖြစ်လာမလားက စိတ်ဝင်စားစရာပါ။ မဖြစ်မနေပြောင်းလဲဖို့ လိုအပ်နေပြီး၊ ရှက်ဖီးယူနိုက်တက်အနေနဲ့ တန်းဆင်းဇုန်လွတ်ရမှတ်တခုကို ပစ်မှတ်ထားဖို့ လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။ မနှစ်ကရာသီမှာ အသင်းအနေနဲ့ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာတွေအထိ ဝင်ရောက်နိုင်ခဲ့တဲ့ ရှက်ဖီးအသင်း သူတို့ရဲ့မှတ်တမ်းဆိုးကို ချေဖျက်ပြနိုင်မလားက စိတ်ဝင်စားဖို့ကောင်းနေပြီဆိုရမှာပါပဲ။

AZ-SportsGabar