ရှုံးနိမ့်မှုတွေများနေတဲ့မှတ်တမ်းတခုကြောင့် တန်းဆင်သွားရနိုင်တဲ့အဖြစ်အပျက်ကို ရှောင်ရှားဖို့ကြိုးစားရမယ့် မန်ယူ

အိမ်ကွင်းမှာ အာဆင်နယ်ကို (ဝ-၁)နဲ့ ရှုံးနိမ့်ခဲ့တာက မန်ယူအတွက် ရလဒ်ကောင်းတခုတော့မဟုတ်ပါဘူး။ (၂၀၁၄)ကတည်းက အိမ်ကွင်းမှာ အာဆင်နယ်ကို မရှုံးဖူးသေးတဲ့ မန်ယူအတွက် (၁၆)နှစ်အကြာ ထိန်းထားနိုင်တဲ့ မှတ်တမ်းကောင်းကို အချေဖျက်ခံလိုက်ရတာဖြစ်ပါတယ်။ ပေါ့ဘာကိုယ်တိုင်ကလည်း သူကြောင့်ပင်နယ်တီပေးခဲ့ရတာပါလို့ ဝန်ခံထားပြီးချိန်မှာ ရှုံးပွဲအတွက်လက်ညိုးထိုးစရာမရှိတော့ပါဘူး။

ဒါပေမဲ့ တဖက်မှာတော့ စံချိန်မှတ်တမ်းတွေက ရှိနေပါသေးတယ်။ မန်ယူဟာ အာဆင်နယ်ကို အိမ်ကွင်းမှာ ရှုံးသွားခဲ့တာကြောင့်ပါ။ ဆိုးလ်ရှားလက်ထက်မှာ အိမ်ကွင်းနိုင်ပွဲတွေ ပျောက်ဆုံးနေတဲ့ မန်ယူဟာ စုစုပေါင်း (၄)ပွဲအထိအိမ်ကွင်းနိုင်ပွဲပျောက်ဆုံးနေပါတယ်။ တပွဲသရေ၊ သုံးပွဲရှုံးနဲ့ ချဲလ်ဆီးတသင်းကိုပဲ သရေကျထားခဲ့ပါတယ်။

ရာသီအစ အိမ်ကွင်းပွဲစဉ်လေးပွဲကို အခုလိုအနိုင်မရခဲ့တဲ့ မှတ်တမ်းဟာ (၁၉၇၂-၇၃)ကစလို့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ပွဲစအိမ်ကွင်းလေးပွဲကို တပွဲမှမနိုင်တာမျိုးပါ။ အဲဒီမှတ်တမ်းကိုပိုင်ဆိုင်တဲ့နှစ်မှာ ယူနိုက်တက်ရဲ့ရာသီအကုန် အမှတ်ပေးဇယားရပ်တည်မှုဟာ အဆင့် (၁၈)နဲ့ပိတ်သိမ်းခဲ့ပါတယ်။ အမှတ်ပေးဇယားရဲ့အဆင့် (၁၈)ဆိုတာက တန်းဆင်းရမယ့် အဆင့်ပါ။

ဒါတင်မကသေးပါဘူး။ နောက်ထပ်မှတ်တမ်းတခုဖြစ်တဲ့ ရမှတ်ကလည်း စကားပြောနေပါတယ်။ ရာသီအစ ခြောက်ပွဲကစားပြီးချိန်မှာ ၇ မှတ်ပဲရတာဟာ ဒေးဗစ်မိုယက်လက်ထက် (၂၀၁၃-၁၄)ခုနှစ်က နောက်ဆုံးအဖြစ်မှတ်တမ်းရှိနေပါတယ်။ အဆိုပါနှစ်မှာလည်း ရာသီအကုန် မန်ယူရဲ့အမှတ်ပေးဇယားရပ်တည်မှုဟာ အဆင့် (၇)နဲ့ ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

မှတ်တမ်းတွေက ပြောနေတဲ့အနေအထားတွေဟာ မန်ယူအတွက် မကောင်းပါဘူး။ အဆင့် (၇)နဲ့ပိတ်သိမ်းတာမျိုးက ကိစ္စမရှိပေမဲ့ (၁၉၇၂-၇၃)ကလို အဖြစ်အပျက်မျိုးကတော့ မန်ချက်စတာယူနိုက်တက်လို ကလပ်အတွက် အတော်လေးဆိုးရွားတဲ့ မှတ်တမ်းဆိုးဖြစ်ပါတယ်။ သမိုင်းမှာဖြစ်ပျက်ခဲ့ဖူးတဲ့ အဖြစ်အပျက်တခုကို ထပ်မဖြစ်စေဖို့အတွက် အိမ်ကွင်းနိုင်ပွဲတွေ မဖြစ်မနေလိုအပ်နေပြီလို့ ဆိုရမှာပါပဲ။

AZ – SportsGabar