ဟယ်ရီကိန်းမှာ အပြစ်ရှာစရာတကွက်မှ မရှိအောင်ကောင်းတယ်လို့ အသင်းဖော်ဂျိုးဟတ်ချီးကျူး

စပါးအသင်းရဲ့ဂိုးသမား ဂျိုးဟတ်နဲ့ ဟယ်ရီကိန်းဆိုတာ အင်္ဂလန်အသင်းမှာ (၂၀၁၅)လောက်က အတူတူအသင်းဖော်ဖြစ်ဖူးတဲ့သူတွေပါ။ (၃၃)နှစ်ရှိနေပြီဖြစ်ပေမဲ့ စပါးအသင်းက ဂျိုးဟတ်ကိုအလွတ်ကြေးနဲ့ ဟူဂိုလိုရစ်နောက် အရန်အနေနဲ့ထားဖို့ စာချုပ်လိုက်ချိန်မှာ နှစ်ယောက်သားစပါးအသင်းဖော်တွေဖြစ်လာခဲ့ပါတယ်။(၂) နှစ်စာချုပ်နဲ့အတူ ဂျိူးဟတ်တယောက် ပရီးမီးယားလိဂ်မှာဆက်အခြေချနိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်းကလည်း ဒီရာသီမှာ ဆွန်+ကိန်း အတွဲနဲ့ (၁၃)ဂိုးတိတိ ပရီးမီးယားလိဂ်မှာ ပါဝင်ပတ်သက်ထားပါပြီ။ ဒါဟာပရီးမီးယားလိဂ်မှာ ကစားထားသမျှကစားသမားတွေထဲမှာ ဂိုးပတ်သက်မှုအများဆုံးအနေနဲ့ ရှိနေတာပါ။ အခုလိုခြေစွမ်းမျိုးတွေပြနေချိန်မှာ ဂျိုးဟတ်အနေနဲ့ အသင်းဖော်ဖြစ်လာတဲ့ ဟယ်ရီကိန်းကို အပြစ်ရှာစရာ တကွက်မှ မရှိတဲ့ ကစားသမားလို့အခုလိုချီးကျူးခဲ့ပါတယ်။

” ဟယ်ရီကိန်းမှာ အမြဲတမ်းလိုလို အခုလို အရည်အချင်းမျိုးတွေရှိပါတယ်။ ဟယ်ရီနဲ့ပတ်သက်လို့ ကျွန်တော့်ကို အပြစ်ရှာပါဆိုရင် ကျွန်တော်အခက်ကြုံရပါတယ်။ သူက တကယ့်ကို ကောင်းလွန်းတာပါ။ ဘောလုံးပေးလိုက်တဲ့အချက်တိုင်းမှာ ကန်လိုက်တဲ့ ကန်ချက်တိုင်းမှာ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းမှာပေါ့။ ပြီးတော့ သူက တကိုယ်ကောင်းဆန်တဲ့ကစားသမားမျိုးမဟုတ်ဘူး”

” အသင်းလိုက် ကစားသမားမျိုးပါ။ သူ့ရဲ့ ခေါင်းဆောင်နိုင်မှုစွမ်းရည်က အဲဒါကိုပြနေတယ်။ အဲဒါက အသံနဲ့အော်နေတာမျိုးထက်ကို တခါတလေမှာ ပိုပြီးအရေးကြီးတယ်ထင်တာပဲ။ သူလုံး၀ တကယ်ကိုယ်ကောင်းဆန်တာမျိုးလုံးဝမရှိတာကို မြင်ခဲ့ရပြီးပြီ။ တကယ်လုံးဝကို စပါရှယ်ကစားသမားမျိုးပဲ။ ပြီးတော့ ကျွန်တော်သူနဲ့တသင်းတည်းကစားရတာကို လုံးဝကြိုက်ပါတယ်”

ဟယ်ရီကိန်းက ဂျိုးဟတ်ပြောခဲ့သလိုမျိုး၊ အသင်းလိုက်ကစားသမားပါ။ ဒီနှစ်ရာသီမှာ နံပါတ် (၁၀)စစ်စစ်ကို ကစားပြီနေပြီး၊ ဆွန်ယောင်မင်ကို ဂိုးတွေပိုရအောင်ပံ့ပိုးပေးနေတဲ့ ကစားဟန်နဲ့ကစားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဗဟိုတိုက်စစ်မှူးကစားနေတဲ့အနေအထားကနေ အခုလိုကစားချိန်မှာ ခြေပိုစွာနေတဲ့ ကိန်းဟာ လက်ရှိအချိန်မှာ တိုက်စစ်ပိုင်းအတွက်း အပြစ်ပြောစရာတကွက်ဆို တကွက်မှမရှိတဲ့ကစားသမားမျိုးပါပဲ။

Aung Bwa – SportsGabar