ဆာလီဘာကို လူစာရင်းမှာ မသွင်းမိလို့ နောင်တရနေတဲ့ အာဆင်နယ်နည်းပြ

အာဆင်နယ်အသင်းရဲ့နောက်တန်းပြဿနာက အတော်လေးကို ဆိုးရွားနေပါတယ်။ အသင်းရဲ့နောက်ခံလူ ဒေးဗစ်လူးဝစ်ဒဏ်ရာရသွားတဲ့အပြင် လူစာရင်းမှာရှိနေတဲ့ ကစားသမားတွေက ပွဲထွက်မပါနိုင်သေးတဲ့အနေအထားကို ရောက်ရှိနေပါတယ်။ ပါဘလိုမာရီ၊ ဟိုဒင်း၊ ချမ်ဘာ၊ သုံးဦးလုံးပွဲမထွက်နိုင်သလို အမှားများတဲ့မူစတာဖီကိုပဲသုံးရဖို့ရှိနေတဲ့ အနေအထားမျိုးကို ဖြစ်လာခဲ့ပါတယ်။

အသင်းရဲ့နောက်ခံလူတွေထဲမှာ ပေါင်(၂၇)သန်းနဲ့ (၂၀၁၉)တုန်းကဝယ်ယူထားတဲ့ ပြင်သစ်သား (၁၉)နှစ်အရွယ် နောက်ခံလူလေးရှိနေပေမဲ့ အာတီတာဟာ ဒီနှစ်ရဲ့လူစာရင်းမှာ မသွင်းခဲ့ပါဘူး။ ဝယ်ပြီးပြီးချင်းနှစ်မှာပဲ ဆာလီဘာကိုတနှစ်အငှားပြန်ချခဲ့ပြီး၊ အခုရောက်လာတဲ့နှစ်မှာလည်း ဥရောပပွဲတွေအတွက်စာရင်းမသွင်းခဲ့တာပါ။ နောက်တန်းမှာလုံး၀ သုံးစရာမရှိခဲ့ချိန်မှာတော့ သူ့အမှားဖြစ်တဲ့အကြောင်းကို ဝန်ခံခဲ့ပါတယ်။

” ကျွန်တော် ဆာလီဘာအတွက် တကယ်စိတ်မကောင်းဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ဗဟိုနောက်ခံလူတွေ အများကြီးရှိခဲ့တယ်။ ကျွန်တော်တို့ရဲ့ လူစာရင်းကနေ သူ့ကိုဖယ်ထုတ်ဖို့ဆုံးဖြတ်ခဲ့မိတယ်။ အဲဒီလို လုပ်တာကလည်း ကျွန်တော့်အတွက် တကယ့်ကို နာကျင်ခဲ့ရတာပါ။ ကျွန်တော် မျှော်လင့်ခဲ့တာက ပါဘလိုမာရီ နှစ်ပတ်အတွင်းပြန်လာထင်ခဲ့တာပါ။”

” ဒါပေမဲ့ သူ့မှာ နောက်ကျောဒဏ်ရာရှိနေပါတယ်။ နောက်တော့ ကျွန်တော်တို့မှာ ပါဘလိုမာရီကို မရသေးပါဘူး။ ဝီလီယမ်ဆာလီဘာက ကြံ့ခိုင်ပြီး ကစားပေးနိုင်နပေမဲ့ ကျွန်တော်တို့ သုံးလို့မရတော့ပါဘူး။ ဒါပေမဲ့ ခင်ဗျားအနေနဲ့ အဲဒီလို ဆုံးဖြတ်ချက်တွေချပြီးပြီးဆိုရင် ခင်ဗျားအနေနဲ့ ဖြစ်လာနိုင်တဲ့အကျိုးဆက်တိုင်းကို အမြဲတမ်းတွေးနေလို့လည်းမရပါဘူး။”

” ဆာလီဘာမှာပိုကောင်းတဲ့နေရာတွေအများကြီးရှိနေပါတယ်။ သူ့နေရာနဲ့ပတ်သက်လို့လည်း အများကြီးယုံကြည်ချက်ရှိပါတယ်။ ဘာသာစကားတွေလည်း တိုးတက်လာပါပြီ။ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အရာတွေကို သူ့အနေနဲ့ အများကြီးနားလည်လာဖို့ စတင်နေပါပြီ။ သူကစားဖိုလိုတဲ့ ယူ(၂၃)ပွဲစဉ်တွေကိုလည်း ပွဲနည်းနည်းလောက် သူကစားပြီးနေပါပြီ”

” ဆာလီဘာကလည်း ပြီးခဲ့တဲ့ခုနှစ်လ ရှစ်လလောက်အတွင်းမှာ ဘောလုံးပွဲတပွဲမှ မကစားခဲ့ဖူးပါဘူး။ အခြေအနေတွေက တဖြည်းဖြည်းနဲ့ ပိုကောင်းသထက်ကိုကောင်းလာပါတယ်။ ‘လို့ အာတီတာက ဒမ်းဒေါ့နဲ့ပွဲမတိုင်ခင် ပွဲကြိုရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။ ဆာလီဘာအနေနဲ့ ပရီးမီးယားလိဂ်လူစာရင်းမှာပဲ ပါတဲ့အတွက် ဥရောပပွဲတွေမှာ ပွဲထွက်ခွင့်မရှိပါဘူး။ ဒီအတွက် ယူရိုပါလိဂ်မှာ လုံးဝမသုံးရဘဲရှိတဲ့လူနဲ့ကန်ရမှာလည်းဖြစ်ပါတယ်။

Aung Bwa – SportsGabar