နံနက်ပိုင်းအားကစားသတင်းတိုများ (၂၉.၁၀.၂၀၂၀)

ဒန်းဒေါ့ကို ရင်ဆိုင်ရမယ့် အာဆင်နယ်အသင်းရဲ့လူစာရင်းမှာ နောက်ခံလူ ဒေးဗစ်လူးဝစ် ဒဏ်ရာကြောင့်မပါဝင်နိုင်ဘူးလို့ သိရပါတယ်။ ဂါဘရီရယ်နဲ့ မူစတာဖီနှစ်ဦးပဲ နောက်တန်းမှာ ကြံ့ခိုင်မှုအပြည့်ရှိနေပြီး၊ အာဆင်နယ်ဟာ နောက်တန်းပြဿနာ ကြုံတွေ့နေရတာဖြစ်ပါတယ်။

ကွင်းထဲကို ပရိသတ်တွေဝင်ခွင့်ရဖို့အတွက် ယူနိုက်တက် တာဝန်ရှိသူတွေဟာ စီစဉ်ထားပြီးပြီဖြစ်ပါတယ်။ ယူကေအစိုးရကသာ ခွင့်ပြုတာနဲ့ ပရိသတ် (၂၃၅၀၀) ကို ချက်ချင်းဆိုသလို ကွင်းထဲဝင်လို့ရအောင် လုပ်ထားပြီဖြစ်တဲ့အတွက် ယူနိုက်တက်ပရိသတ်အများစုဟာ ကွင်းထဲပြန်ကြည့်နိုင်ဖို့ အားသာချက်ရှိနေပါတယ်။

ဘန်လေအသင်းကို ပေါင်သန်း (၂၀၀)နဲ့အဓိက ရှယ်ယာရှင်အဖြစ် လွှဲပြောင်းယူဖို့ အီဂျစ်သူဌေး မိုဟာမက် အယ်ကာရှာရှီနဲ့ ရှေ့နေ ခရစ်ဖာနယ်တို့ဟာ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ မကြာခင်မှာ အပြီးသတ်နိုင်ဖို့ရှိနေပြီး၊ ဘန်လေဟာ သူတို့ရဲ့ခက်ခဲနေမှုကို မကြာခင်မှာဖြေရှင်းနိုင်တော့ဖို့ရှိနေပါတယ်။

ချန်ပီယံလိဂ်ပွဲစဉ်တွေအဖြစ်ကစားခဲ့တဲ့ ပွဲစဉ်တွေက ခရစနိုဒေါ ဝ-၄ ချဲလ်ဆီး၊ ဆီဗီးလား ၁-၀ ရန်းနက်၊ ဒေါ့မွန် ၂-၀ ဇင်းနစ်၊ ကလပ်ဘရုဂ် ၁-၁ လာဇီယို၊ ဖာရန့်စ်ဗာရို့စ် ၂-၂ ဒိုင်နမိုကိဗ်၊ ဂျူဗင်တပ် ဝ-၂ ဘာစီလိုနာ၊ အစ္စတန်ဘူလ် ဝ-၂ ပီအက်စ်ဂျီ၊ မန်ယူ ၅-၀ လစ်ဇစ် နဲ့အသီးသီးပြီးဆုံးခဲ့ပါတယ်။

ပီအက်စ်ဂျီအတွက် ကစားပေးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူး နေမာဟာ ဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။ အသေးစိတ်ကိုမသိရသေးပေမဲ့ ကြွက်သားဒဏ်ရာဖြစ်တဲ့အတွက် အနည်းငယ်အနားယူရဖို့ရှိနေပြီး၊ လာမယ့်ပွဲစဉ်အချို့ကို လွဲချော်နိုင်တယ်လို့ ဆိုပါတယ်။

မန်ယူအသင်းအတွက် လူစားဝင်လာပြီး ဟက်ထရစ်သွင်းပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကတော့ ထူးခြားစံချိန်တခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ (၁၉၉၉)ဆိုးလ်ရှား နော်တင်ဟမ်ဖော်ရက်စ်အသင်းကို လူစားဝင်ဟက်ထရစ်သွင်းပြီးနောက်ပိုင်း ပထမဆုံးလူးစားဝင်ဟက်ထရစ်သွင်းနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပြီး၊ ယူနိုက်တက်သမိုင်းမှာ ဆိုးလ်ရှားနဲ့ ရက်ရှ်ဖို့ဒ်ပဲ ဒီစံချိန်ကို တင်နိုင်ဖူးတယ်လို့သိရပါတယ်။

Aung Bwa – SportsGabar