ကိုယ့်လူကိုယ်တောင်မချန် ဘောလုံးမပေးဖို့ ပြောခဲ့တဲ့ တိုက်စစ်မှူး ဘန်ဇီးမား

ပြင်သစ်တိုက်စစ်မှူး ဘန်ဇီးမားရဲ့ ကိုယ့်အသင်းဖော်ကို တိုက်ခိုက်ခဲ့တဲ့ စကားလုံးတွေကို ရီးရဲလ်မက်ဒရစ်နဲ့ မိုချင်ဂလာဘတ်ပွဲစဉ်မှာ ကြုံတွေ့ခဲ့ရပါတယ်။ သူ့ရဲ့ အသင်းဖော် ဖာလန်မန်ဒီကို အသင်းသားတဦးကို ဘောလုံးမပေးဖို့ ပြောကြားနေတာဖြစ်ပြီး၊ အခုလို ပြောကြားခဲ့တဲ့ စကားလုံးတွေကို (၂-၂)နဲ့ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ကင်မရာတခုက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ပြောခဲ့တဲ့အချိန်က ပထမပိုင်းပြီးလို့ ဥမင်လိုဏ်ခေါင်းထဲမှာ နှစ်ယောက်သားလမ်းလျှောက်နေတဲ့အချိန်မှာပါ။ ရီးရဲလ်မက်ဒရစ်က ဦးဆောင်ဂိုးပေးထားရပြီး၊ မိုချင်ဂလာဘတ်ရဲ့ သူရမ်က (၃၃)မိနစ်မှာ (၁-ဝ)နဲ့ သွင်းထားပါတယ်။ ရှုံးနိမ့်နေတဲ့ အနေအထားမှာ ဘန်ဇီးမားတယောက် သူ့ဆီဘောလုံးမရောက်တဲ့ ပြဿနာကို စိတ်တိုဒေါသထွက်ခဲ့ဟန်ှရှိပါတယ်။

အဲဒီအချိန်မှာ ဖာလန်မန်ဒီကို ပြောခဲ့တာက ” ဘရားသား သူ့ကို ဘောလုံးမပေးနဲ့၊ ငါ့အမေနဲ့ကို ကျိန်ပြောရဲတယ်။ ဒီကောင်က တခြားအသင်းအတွက်ကို ကစားပေးနေတာ”လို့ ဆိုခဲ့ပါတယ်။ RMC Sportsနဲ့ Goal ရဲ့ဖော်ပြချက်အရ သူ့ကိုမပေးနဲ့လို့ ရည်ညွန်းခဲ့တဲ့ ကစားသမားက ဗင်နီးရှပ်ဂျူနီယာကို ဆိုလိုခဲ့တာလို့ သိရပါတယ်။

မန်ဒီက ဘယ်ခြမ်းခံစစ်မှာ Full Back အနေနဲ့ ကစားချိန်မှာ ဗင်နီးရှပ်ကလည်း ဘယ်ခြမ်းတောင်ပံ တိုက်စစ်အနေနဲ့ ကစားတာဖြစ်တဲ့အတွက် အခုလိုပြောခဲ့တာလို့ ဆိုနိုင်ပါတယ်။ ဒီလိုပြောခဲ့တာကို လိုဏ်ခေါင်းတွင်း ကင်မရာရိုက်ချက်အရ ဗင်နီးရှပ်ဟာ ကြားခဲ့ဟန်မတူပါဘူး။ ဒါ့အပြင် ပြင်သစ်စကားနဲ့ နှစ်ယောက်သား တီးတိုးပြောတာဖြစ်တဲ့အတွက် ဘေးနားမှာရှိနေခဲ့တဲ့ ကော်တိုရစ်ကလည်း နားလည်ခဲ့ဖို့မရှိပါဘူး။

အခုလို ကိုယ့်အသင်းဖော်ကို ပြောခဲ့တာမျိုးကို ဘန်ဇီးမားဟာ အရင်ကလည်းလုပ်ဖူးသူဖြစ်ပါတယ်။ ဂီရောက်ကိစ္စတုန်းကလည်း သူ့အစားဂီရောက်ကို ရွေးချယ်တဲ့အတွက် တိုက်ခိုက်တာမျိုးတွေရှိခဲ့ဖူးပြီး၊ ဒီတခေါက်မှာတော့ အသင်းရဲ့လူငယ်ကစားသမားလေးကိုပါ တိုက်ခိုက်တာမျိုးဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဘန်ဇီးမားအနေနဲ့ တော်တော်လေးကို ရုပ်ပေါက်ခဲ့တယ်လို့ သတ်မှတ်ရမှာပါပဲ။

Aung Bwa -SportsGabar