တိုက်စစ်မှူးမပါဘဲ ကစားပြခဲ့ပြီးနောက်မှာ သူ့ကိုဝေဖန်သူတွေအပေါ် တုံ့ပြန်လိုက်တဲ့ ပတ်ဂွါဒီယိုလာ

ဂွါဒီယိုလာရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ လုပ်ကွက်တွေက တပွဲပြီး တပွဲလေးစားစရာပါ။ အဂူရိုနာနေတဲ့အချိန်၊ ဂါဘရီရယ်ဂျီးဆပ်နဲ့ အလုပ်မဖြစ်သေးတဲ့ တိုက်စစ်ကို ခန့်မန်းထားတဲ့ လူစာရင်းနဲ့လွဲအောင်ထုတ်ပြီး၊ မာဆေးလ်ကို ဂိုးပြတ်အနိုင်ကစားခဲ့ပါတယ်။ ဖိုဒင်၊ စတာလင်ကို duo တွဲပြီး၊ ဒီဘရိုင်းက ကွင်းလယ်တိုက်စစ် ကစားသမား စစ်စစ်ကစားဟန်နဲ့ ဆော့ခဲ့တာပါ။

ရလဒ်ကတော့ မာဆေးလ်နည်းပြ ဗီလာဘိုအာ့စ်တယောက် မထင်မှတ်ထားဘဲ အမှားမှားအယွင်းယွင်းခံစစ်တွေကြုံခဲ့ရပြီး (ဝ-၃)ရလဒ်နဲ့ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပတ်ရဲ့ဗျူဟာက မာဆေးလ်ရဲ့နောက်တန်းငါးယောက်ခံစစ်ကို အလဲလဲအပြိုပြိုဖြစ်သွားခဲ့တဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်နိုင်ခဲ့အပြီးမှာတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာတယောက် ဝက်စ်ဟမ်းကို သရေကျခဲ့တဲ့ပွဲအပြီးဝေဖန်ခဲ့သူတွေကို အခုလိုတုံ့ပြန်ခဲ့ပါတယ်။

” တခါတလေမှာ ကျွန်တော်တို့ ကစားတာမကောင်းပါဘူး။ တခါတလေမှာ ပြိုင်ဘက်အသင်းရဲ့ ကစားသမားတွေက ကျွန်တော်တို့ထက် ပိုကောင်းနေတာမျိုးရှိပါတယ်။ ဒါက ဘဝပဲလေ။ ဒီနေ့ခေတ်လို့ ဆိုရှယ်မီဒီယာတွေနဲ့ဆိုရင် ခင်ဗျားတပွဲလောက်ရှုံးလိုက်တာနဲ့ လုံးဝကို အရှုံးသမားကြီးဖြစ်သွားပြီပဲ။ အရေးကြီးဆုံးအချက်က ကလပ်အတွက် တည်ငြိမ်နေဖို့လိုတယ်’

” ကစားသမားတွေကလည်း ကျွန်တော်တို့ဘာတွေလုပ်နေလဲ သိဖို့လိုတယ်။ ဘယ်နေရာကနေ ကျွန်တော်တို့လာတယ်ဆိုတာရော၊ ကျွန်တော်တို့ဘယ်မှာ အခက်အခဲတွေကြုံနေတယ်ပေါ့။ စိတ်အေးအေးထားရမယ်။ ချန်ပီယံလိဂ်လို ပွဲစဉ်မျိုးကို အနိုင်နှစ်ပွဲနဲ့စလိုက်တယ်ဆိုတာက ကျွန်တော်တို့အတွက် အရေးပါပါတယ်။ ကျွန်တော်တို့အခုဆိုရင် နောက်ဆုံး ၁၆ သင်းမှာ ပါဝင်ဖို့တဖြည်းဖြည်းနီးကပ်လာပြီ။ ”

” ဒါပေမဲ့ ကျွန်တော်အခုထက်ထိ အစပိုင်းပဲရှိပါသေးတယ်။ တိုးတက်လာတာမျိုးပေါ့။ ” လို့ ဆိုခဲ့ပါတယ်။ ပတ်ဂွါဒီယိုလာအနေနဲ့ ဝက်စ်ဟမ်းကို သရေကျခဲ့တဲ့ပွဲအပြီး တိုက်စစ်ပိုင်းမှာ လူမဖြည့်တင်းခဲ့ဘဲ သွင်းဂိုးတွေမရခဲ့တဲ့အပေါ် ဝေဖန်မှုတွေမျိုးစုံခံခဲ့ရပေမဲ့ အခုအချိန်မှာတော့ ဝေဖန်သူတွေကို တိတ်ဆိတ်စေခဲ့ပါပြီ။ တိုက်စစ်မှူး မပါဘဲနဲ့ကို ကစားသွားပြတာဖြစ်တဲ့အပြင် ကွင်းလယ်ကနေပဲသွင်းဂိုးတွေအဓိက ထားယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန်တွင်းထူးခြားမှတ်တမ်းအနေနဲ့ကတော့ ဂိုးသွင်းနိုင်ခဲ့တဲ့ ဖာရန်တောရက်စ်ဟာ ချန်ပီယံလိဂ်မှာ သုံးပွဲဆက်ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးစပိန်ကစားသမားဖြစ်လာခဲ့ပါတယ်။ လက်ရှိမာဆေးလ်ကို ဦးဆောင်ဂိုးသွင်းခဲ့ချိန်မှာ ဖာရန်တောရက်စ်ဟာ (၂၀)နှစ် (၂၄၁)ရက်ပဲရှိသေးပြီး စပိန်ကစားသမားတွေထဲမှာ အခုလို စံချိန်တင်နိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

Aung Bwa -SportsGabar