ဘာစီလိုနာဘုတ်အဖွဲ့ကနေ ဘာတိုမြူနှုတ်ထွက်သွားရတဲ့ အဓိကအကြောင်းအရင်း

ဖိအားတွေဆက်တိုက်တိုးလာတဲ့ အခြေအနေတွေကြောင့် ဘာစီလိုနာဥက္ကဌဘာတိုမြူတယောက် အသင်းကနေ နှုတ်ထွက်ခဲ့ပါတယ်။ မထွက်ခင်မှာ ဘာတိုမြူအနေနဲ့ အသင်းအတွက် ဘဏ္ဍာရေးပြဿနာကို ဖြေရှင်းဖို့ ဥရောပစူပါလိဂ်လို့ခေါ်တဲ့ လိဂ်မှာ ပါဝင်ကစားဖို့ အဆိုပြုချက်တွေကို လက်ခံခဲ့တယ်ဆိုပါတယ်။ သူဟာ မထွက်ခင်အချိန်အထိ ဘာစီလိုနာရဲ့အခြေအနေတွေကို ဖြေရှင်းဖို့ကြိုးပမ်းခဲ့တယ်ဆိုလိုတာပါ။

(၂၀၁၄)ကတည်းက ဥက္ကဌဖြစ်လာတဲ့ ဘာတိုမြူကို ပရိသတ်တွေက မက်ဆီကို အသင်းကထွက်ခွင့်မပေးခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ဖြုတ်ချဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ကပဲ နှုတ်ထွက်ခဲ့ပြီး၊ သူနဲ့အတူ ဘုတ်အဖွဲ့က ဒါရိုက်တောတွေ အကုန်လုံးကလည်း လိုက်နှုတ်ထွက်ခဲ့ပါတယ်။ မနှုတ်ထွက်ခင်မှာ လုပ်ဆောင်ခဲ့တာက ပေါင် (၄.၆)ဘီလျံအထိ တန်ကြေးရှိမယ့် လိဂ်ပြိုင်ပွဲမှာ ပါဝင်ဖို့ကြိုးပမ်းခဲ့တာပါ။

ကမ္ဘာ့တိုက်ကြီး (၆)တိုက်က အသင်းတွေပါဝင်ယှဉ်ပြိုင်ကစားမယ့် ဥရောပစူပါလိဂ်မှာ ဘာစီလိုနာဟာ ပါဝင်ယှဉ်ပြိုင်ကစားဖို့ စာရင်းသွင်းထားခဲ့ပါတယ်။ အခုလိုပါဝင်ပြီး၊ အသင်းရဲ့ကြပ်တည်းနေတဲ့ ဘဏ္ဍာရေးကဏ္ဍကို ဖြေရှင်းဖို့ကြိုးပမ်းထားခဲ့ပေမဲ့ ရုတ်တရက်ထွက်သွားခဲ့တာက ဝေဖန်သံတွေကြောင့်မဟုတ်ပါဘူး။ ဘာစီလိုနာပရိသတ်တွေပေးတဲ့ ဖိအားဒဏ်ကို မခံနိုင်တေ့ာတာကြောင့်ပါ။

a vote of no confidence လို့ခေါ်တဲ့ အစီအစဉ်က ဘာစီလိုနာရဲ့အမြဲတမ်း မန်ဘာဝင်တွေဟာ သတ်မှတ်မဲအရေအတွက်ရခဲ့ရင် ဥက္ကဌကို ဖြုတ်ချလို့ရတဲ့ မဲအဆုံးအဖြတ်ကိုခွဲလို့ရတဲ့အထိ အဆိုတင်သွင်းလို့ရပါတယ်။ ဘာတိုမြူကို ဖြုတ်ချဖို့ မဲအရေအတွက် လိုက်စုဆောင်းခဲ့ချိန်မှာ ဥက္ကဌကိုဆက်ထားမထားမဲခွဲဖို့အထိ ထောက်ခံမဲရခဲ့ပြီး၊ တာဝန်ရှိသူတွေဟာ မဖြစ်မနေမဲခွဲဖို့ဖြစ်လာပါတယ်။

မဲခွဲခဲ့ရင် (၆၆)ရာခိုင်နှုန်းအထက်ရတာနဲ့ ဘာတိုမြူကို ဖြတ်ချနိုင်ပြီဖြစ်ပါတယ်။ အတွင်းသတင်းအရ (၈၀)ရာခိုင်နှုန်းအထိ ဘာတိုမြူကို ဖြုတ်ချဖို့ မဲအရေအတွက်ရခဲ့ပြီလို့သိရပါတယ်။ ဒီအတိုင်းဆိုရင် ဘာတိုမြူဟာ ဘာစီလိုနာသမိုင်းတလျှောက်မှာ a vote of no confidence နဲ့ ဖြုတ်ချခံရတဲ့ ပထမဆုံးဥက္ကဌဖြစ်လာဖို့ရှိနေပါတယ်။ ဒီအခြေအနေကို ရှောင်လွဲဖို့က တနည်းပဲကျန်ပါတော့တယ်။

ကိုယ်တိုင်ကပဲ အရင်နှုတ်ထွက်လိုက်တာဖြစ်ပါတယ်။ ဘာတိုမြူလက်ထက်မှာ ကော်တင်ဟို၊ ဒမ်ဘီလီ၊ ဂရေ့ဇ်မန်း သုံးဦးအတွက် ယူရိုသန်း (၄၀၀)လောက်သုံးပြီး အောင်မြင်မှုရှာဖွေဖို့ ကြိုးပမ်းခဲ့ပေမဲ့ အောင်မြင်မှုမရခဲ့ပါဘူး။ အခုလို ထွက်လိုက်တဲ့အပေါ် ပရိသတ်တွေက လက်ကမ်းကြိုနေကြပြီး၊ ဘာတိုမြူအလွန်အသင်းကို ထိန်းကျောင်းမယ့် ဘုတ်အဖွဲ့ကို မျှော်လင့်ရင်း မက်ဆီကိုဆက်ထိန်းနိုင်ဖို့ ဆန္ဒရှိနေကြပါတယ်။

Aung Bwa – SportsGabar